ဂျိုးဟတ်အနေဖြင့် ပွဲထွက်ကစားသမားနေရာ ပြန်လည်ရရှိနိုင်ကြောင်း ဂွါဒီယိုလာ ပြော

ဂျိုးဟတ်အနေဖြင့် ပွဲထွက်ကစားသမားနေရာ ပြန်လည်ရရှိနိုင်ကြောင်း ဂွါဒီယိုလာ ပြော

သြဂုတ် ၁၄၊ အင်္ဂလန် ။         ။ အင်္ဂလန်လက်ရွေးစင်ဂိုးသမား ဂျိုးဟတ်အနေဖြင့် ပထမပွဲထွက် ကစားသမားနေရာ ပြန်လည်ရရှိနိုင်ကြောင်း မန်စီးတီးနည်းပြ ဂွါဒီယိုလာက ပြောဆိုလိုက်သည်။

မန်စီးတီးအသင်းသည် ဘာစီလိုနာဂိုးသမား တာစတီဂန်ကို ခေါ်ယူရန် နှစ်ကြိမ်တိုင်တိုင် ကြိုးပမ်းခဲ့သောကြောင့် ဂျိုးဟတ်၏ မန်စီးတီးကစားသမားဘဝအနာဂတ်မှာ မတည်မငြိမ်ဖြစ်လျက်ရှိသည်။ ထိုအနေအထားတွင် မန်စီးတီးအသင်းက ဆန်းဒါးလန်းအသင်းကို နှစ်ဂိုး တစ်ဂိုးဖြင့် အနိုင်ရခဲ့သည့်ပွဲ၌ နည်းပြ ဂွါဒီယိုလာက ကာဘယ်လီယိုကို ပွဲထွက်ဂိုးသမားအဖြစ် အသုံးပြုခဲ့သည်။

ထို့ကြောင့် ဂျိုးဟတ်၏ မန်စီးတီးကစားသမားဘဝအနာဂတ်မှာ ပြီးဆုံးသွားပြီဟု ပြောဆိုလျက်ရှိနေကြသည်။ သို့သော် ဂွါဒီယိုလာက ထိုပြောစကားများကို ငြင်းပယ်လိုက်ပြီး ချန်ပီယံလိဂ်ပလေးအော့ဖ်ပွဲစဉ်တွင် ဂျိုးဟတ်ပထမဂိုးသမားနေရာ ပြန်ရနိုင်သည်ဟု ပြောဆိုလိုက်သည်။

‘ဂျိုးဟတ်နေရာပြန်ရနိုင်ပါတယ်။ အသင်းမှာရှိတဲ့ ကစားသမားအားလုံးနေရာရနိုင်ပါတယ်။ ပုံမှန်အားဖြင့်ဆို ကစားသမားကောင်းတွေ အသင်းမှာ ရှိပါတယ်။ ကျွန်တော်က ပွဲတစ်ပွဲရှိရင် အဲ့ဒီပွဲအတွက်ကိုပဲ အာရုံစိုက်ထားတာပါ။

ဆန်းဒါးလန်းနဲ့ပွဲအတွက် ဆန်းဒါးလန်း၊ ဆန်းဒါးလန်း၊ ဆန်းဒါးလန်းဆိုပြီးပဲ လုပ်ခဲ့တာပါ။ ပွဲပြီးလို့ နောက်တစ်နေ့မနက်မှာတော့ အသင်းအတွက် အကောင်းဆုံးဖြစ်မယ့်ဟာကို ကျွန်တော်ဆုံးဖြတ်လုပ်ကိုင်ပါတယ်။

ကာဘယ်လီယိုက ရာသီကြိုပွဲတွေမှာ တကယ်ကောင်းခဲ့တာပါ။ သူက ဒီပွဲအတွက် ကျွန်တော့်ကို ယုံကြည်မှုတွေအများကြီး ပေးနိုင်ခဲ့တာပါ။ ဒါကြောင့် သူ့ကို ပွဲထွက်နေရာအတွက် ရွေးခဲ့တာပါ’ ဟု ဂွါဒီယိုလာက ပြောဆိုခဲ့သည်။

ဂွါဒီယိုလာ၏ပွဲထွက်စာရင်းတွင် ယာယာတိုရေး၊ ဘိုနီ၊ နာဆရီ၊ မန်ဂါလာ စသည့် ထိပ်တန်းကစားသမားများလည်း ပါဝင်ခြင်း မရှိခဲ့ပေ။

ရည်ညွှန်း အီးအက်စ်ပီအန်

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly