သြဂုတ် ၁၂၊ လန်ဒန်။ ။ အာဆင်နယ်အသင်းသည် ဗလင်စီယာနောက်ခံလူ မူစတာဖီကို ၄၈ နာရီအတွင်း ပေါင်သန်း ၃၀ ဖြင့်ခေါ်ယူနိုင်မည်ဟု မျှော်လင့်ရ ကြောင်း ဒေးလီးမေးလ်သတင်းစာကဖော်ပြထားသည်။
တစ်ပတ်လုပ်ခပေါင် ၇၅၀၀၀ ဝန်းကျင်၊ ငါးနှစ်စာချုပ်ချုပ်မည့် ဂျာမန်လက်ရွေးစင်ကစားသမားသည် ယခုအခါ ဆေးစစ်မှု အောင်မြင်ရန်သာစောင့်ဆိုင်းနေသည်။
ကလပ်အသင်းနှစ်သင်းကြား ကြာသပတေးညက သဘောတူညီမှုမရသေးသော်လည်း အခြေအနေမှာတိုးတက်နေသည်။ မူစတာဖီ၏စာချုပ်ဖျက်သိမ်းကြေးမှာပေါင် ၄၂ သန်းဖြစ်သော်လည်း ပေါင်သန်း ၃၀ ရလျှင်ရောင်းမည်ဟု ဗလင်စီယာအသင်းက အာဆင်နယ်အသင်းကို အသိပေးထားသည်။
အာဆင်နယ်အသင်းမှာ လက်ရှိနောက်တန်းအခက်အခဲကြောင့် မဖြစ်မနေ ကစားသမားသစ်ခေါ်ရန်လိုအပ်နေသည်။ အသင်းအနေဖြင့် မာတီဆက်ကာနှင့် ဂါဘရီယယ်တို့ဒဏ်ရာရနေသောကြောင့် ရာသီသစ်အစပိုင်းတွင် ကြံ့ခိုင်မှုပြည့်ဝသည့် ဗဟိုနောက်ခံလူစစ်စစ် မပါဘဲကစားရမည့်အရေးနှင့်ရင်ဆိုင်နေရသည်။
ပွဲထွက်ဗဟိုနောက်ခံလူတစ်ဦးဖြစ်သည့် ကိုစီရယ်နီသည်လည်း တနင်္ဂနွေနေ့တွင် လီဗာပူးလ်နှင့်ရင်ဆိုင်ရမည့်ပွဲမတိုင်မီ လေ့ကျင့် ရက် ခြောက်ရက်သာရထားသော်လည်း ပွဲထွက်ကစားရဖွယ်ရှိနေသည်။
Ref; Daily Mail