အီဘရာဟီမိုဗစ်ရဲ့ ခေါင်းတိုက်အနိုင်ဂိုးနဲ့ မန်ယူအသင်း ကွန်မြူနတီဒိုင်း ဆွတ်ခူး

အီဘရာဟီမိုဗစ်ရဲ့ ခေါင်းတိုက်အနိုင်ဂိုးနဲ့ မန်ယူအသင်း ကွန်မြူနတီဒိုင်း ဆွတ်ခူး
(ဓာတ်ပုံ - အီးပီအေ)

မန်ချက်စတာယူနိုက်တက် ၂-၁ လက်စတာစီးတီး
လင်ဂတ် - ၃၂မိနစ်၊ အီဘရာဟီမိုဗစ် - ၈၃မိနစ် | ဗာဒီ - ၅၂မိနစ်

သြဂုတ်လ ၇ ရက်၊ တနင်္ဂနွေနေ့က ဝင်ဘာလေကွင်းမှာ ၂၀၁၆-၁၇ ရာသီသစ်ရဲ့ ပရီးမီးယားလိဂ်အကြိုအဖြစ် ကစားတဲ့ အက်ဖ်အေ ကွန်မြူနတီဒိုင်းပွဲစဉ်မှာ အီဘရာဟီမိုဗစ်ရဲ့ နောက်ကျဂိုးနဲ့ လက်စတာကို အနိုရရှိပြီး မန်ချက်စတာယူနိုင်တက်နှင့်အတူ နည်းပြသစ် မော်ရင်ဟိုတို့ ရာသီမှာ ဖလားတစ်လုံးနဲ့ အဖွင့်လှခဲ့ပါတယ်။

ပထမပိုင်း (၃၂) မိနစ်မှာ မန်ယူတို့ လက်စတာအသင်းဘက်ကို ဂိုးစသွင်းခဲ့ပါတယ်။ ဒီဂိုးကို မနှစ်က အက်ဖ်အေဖလား ဗိုလ်လုပွဲမှာ ခရစ္စတယ်ပဲလေ့ဘက်ကို အနိုင်ဂိုးသွင်းသွားတဲ့ ကွင်းလယ်လူ လင်ဂတ်က ဂိုးနဲ့ ကိုက် (၄၉) အကွာလောက်ကနေ ပြိုင်ဘက်ကစားသမား လေးယောက်လောက်ကို ကျော်ဖြတ်ကာ တစ်ယောက်တည်းဆွဲပြေးပြီး ကန်သွင်းခဲ့တာပါ။

လင်ဂတ်ဟာ ၁၉၉၆ ခုနှစ်က အဲရစ်ကန်တိုနာ နောက်ပိုင်း အက်ဖ်အေဖလား ဗိုလ်လုပွဲနှင့်နောက်ဆက်တွဲ ကွန်မြူနတီဒိုင်းအတွက် ဂိုးသွင်းတဲ့ ပထမဦးဆုံးသော မန်ယူကစားသမားဖြစ်လာပါတယ်။

ပရီးမီးယားချန်ပီယံ လက်စတာအသင်းအတွက် ချေပဂိုးကို မန်ယူကွင်းလယ်လူ ဖယ်လေနီရဲ့ အန္တရာယ်များတဲ့ နောက်ပြန်ပေးပို့မှုကနေ တိုက်စစ်မှူး ဗာဒီရရှိခဲ့ပြီး ဒုတိယပိုင်း(၅၂)မိနစ်မှာ အပိုင်ကန်သွင်းခဲ့တာဖြစ်ပါတယ်။

ဒါပေမယ့်လည်း ပွဲပြီးဖို့ (၇) မိနစ်အလိုမှာ နွေရာသီအပြောင်းအရွှေ့မှာ ခေါ်ယူထားတဲ့ အသက် (၃၄) နှစ်အရွယ် အီဘရာဟီမိုဗစ်က ညာတောင်ပံကနေ ဗလင်စီယာ ဖြတ်တင်ပေးလိုက်တဲ့ ဘောလုံးကို လက်စတာ နောက်ခံလူ မော်ဂန်နဲ့အပြိုင် ခေါင်းတိုက်ပြီး ဒီပွဲရဲ့ အဆုံးအဖြတ် အနိုင်ဂိုးကို သွင်းယူသွားခဲ့ပါတယ်။ ဒါကတော့ အီဘရာဟီမိုဗစ်အတွက် ကလပ်ပွဲပေါင်း (၆၇၈) ပွဲမှာ (၃၉၃) ဂိုးမြောက်သွင်းနိုင်ခဲ့တာလည်းဖြစ်ပါတယ်။

လက်စတာစီးတီးက နောက်ပိုင်းမှာ ချေပဂိုးရဖို့ကြိုးစားခဲ့ပေမယ့် ဂိုးမရခဲ့လို့ မန်ယူက (၂-၁) ဂိုးနဲ့နိုင်ပြီး ကွန်မြူနတီဒိုင်းကို (၂၁) ကြိမ်မြောက်ရခဲ့တာဖြစ်ပါတယ်။

ဓာတ်ပုံ - အပြည့်အစုံ ကြည့်ရှုရန် - https://www.facebook.com/MizzimaDaily/posts/1238897659478470

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly