ကွန်မြူနတီဒိုင်းပြိုင်ပွဲမှာ ခြေစမ်းပွဲမဟုတ်ဟု လက်စတာနည်းပြ ရာနီရေရီ ပြော

ကွန်မြူနတီဒိုင်းပြိုင်ပွဲမှာ ခြေစမ်းပွဲမဟုတ်ဟု လက်စတာနည်းပြ ရာနီရေရီ ပြော

သြဂုတ် ၆၊ အင်္ဂလန် ။                ။ ပရီးမီးယားလိဂ်ချန်ပီယံလက်စတာစီးတီးအသင်းနှင့် အက်ဖ်အေဖလားချန်ပီယံမန်ယူအသင်းတို့သည် သြဂုတ်လ ၇ ရက်နေ့တွင် ဝင်ဘလေကွင်းကြီး၌ ၂၀၁၆-၁၇ ရာသီအဖွင့် ကွန်မြူနတီဒိုင်းပြိုင်ပွဲကို ယှဉ်ပြိုင်ကစားကြမည် ဖြစ်သည်။

လက်စတာအသင်းနည်းပြ ရာနီရေရီက ကွန်မြူနတီဒိုင်းပြိုင်ပွဲသည် ခြေစမ်းပွဲမဟုတ်ကြောင်းနှင့် လက်စတာအသင်းရော မန်ယူအသင်းပါ ထိုဖလားကို ရရှိလိုနေကြကြောင်း ပြောဆိုလိုက်သည်။

‘ဒီပွဲက ချစ်ကြည်ရေးခြေစမ်းပွဲ မဟုတ်ပါဘူး။ ကျွန်တော်တို့ အကောင်းဆုံးခြေစွမ်းနဲ့ ယှဉ်ပြိုင်မှာပါ။ မန်ယူအသင်းလည်း အဲ့ဒီလိုပါပဲ။ နှစ်သင်းလုံးက ဒီဖလားကို ရရှိလိုကြပါတယ်။ ဒါအမှန်ပါပဲ။ တကယ့်ပွဲပါ။

အလွန်ကောင်းမွန်ပြီးတောင့်တင်းတဲ့ မန်ယူအသင်းနဲ့ရင်ဆိုင်ရမယ်လို့ ထင်ပါတယ်။ အီဗရာဟီမိုဗစ်ဟာ ချန်ပီယံတစ်ဦးပါ။ မန်ယူအတွက် တကယ်ကောင်းတဲ့ ကစားသမားပါပဲ။

ပြီးခဲ့တဲ့ရာသီက အောင်မြင်မှုတွေကို မေ့လိုက်ပါပြီ။ ရာသီသစ်အတွက်ပဲ အာရုံစိုက်ထားပါတယ်။ ရည်မှန်းချက်ကြီးကြီးနဲ့ ပြင်းပြင်းထန်ထန်ကြိုးစားမှာပါ။

လူတွေက ကျွန်တော်တို့အသင်းကို အများကြီးလေးစားကြပေမယ့် အသင်းတိုင်းက ကျွန်တော်တို့ကို အနိုင်ယူချင်နေကြပါတယ်။ ပွဲစဉ်တိုင်းကို အကောင်းဆုံးကြိုးစားပြီး ကျွန်တော်တို့ရဲ့ အကောင်းဆုံးပုံစံကို ပြသရပါလိမ့်မယ်’ ဟု ရာနီရေရီက ပြောဆိုခဲ့သည်။

ရာနီရေရီက ရာသီသစ်အတွက် ၎င်းကစားသမားများ၏ ပြင်ဆင်မှုအနေအထားများကို ကျေနပ်အားရကြောင်းလည်း ပြောဆိုခဲ့သည်။

ရည်ညွှန်း ဂိုးလ်ဒေါ့ကွန်း

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly