ပြည်ခိုင်ဖြိုးပါတီအတွက် ဦးအောင်သောင်း အလုပ်မလုပ်နိုင် တော့မည်ကို စိုးရိမ်ဟု ဦးအောင်သိန်းလင်း ဆို

ပြည်ခိုင်ဖြိုးပါတီအတွက် ဦးအောင်သောင်း အလုပ်မလုပ်နိုင် တော့မည်ကို စိုးရိမ်ဟု ဦးအောင်သိန်းလင်း ဆို
ဇူလိုင် ၁၀ရက် ပြည်သူ့လွှတ််တော်အစည်းအဝေးအပြီးတွင် တွေ့ရသည့် ရန်ကုန်မြို့တော်ဝန်ဟောင်းဖြစ်သူ အာဏာရပါတီ အမတ် ဦးအောင်သိန်းလင်း(ဓာတ်ပုံ -မင်းမင်း၊ မဇ္စျိမ)

ရန်ကုန်၊ ဇူလိုင် ၁၀ ။ ။ အာဏာရပါတီဖြစ်သော ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ၏ ဗဟိုအတိုင်ပင်ခံဖြစ်သူ ဦးအောင်သောင်း အနေဖြင့် ကျန်းမာရေး အခြေအနေကြောင့် ပါတီတာဝန်များအား မလုပ်ဆောင်နိုင် တော့မည်ကို စိုးရိမ်သည်ဟု ပါတီဝင် ဦးအောင် သိန်းလင်းက ပြောသည်။

ဦးနှောက်သွေးကြောပေါက်ပြီး ဇူလိုင်၉ ရက်က စင်္ကာပူနိုင်ငံသို့ပို့ဆောင်ကာ အရေးပေါ်ဆေးကုသမှု ခံယူနေရသည့် ဦးအောင်သောင်း သည်ပါတီအပေါ်လူထုယုံကြည်မှုရှိအောင် များစွာစွမ်းဆောင်ပေးခဲ့သူဟု ဦးအောင်သိန်းလင်းက ဇူလိုင် ၁၀ရက် ကပြည်သူ့လွှတ်တော် အစည်းအဝေးအပြီး သတင်းထောက်များကို ပြောဆိုခဲ့ခြင်းဖြစ်သည်။

ဦးအောင်သိန်းလင်းက “ပါတီမှာတော့ လောလောဆယ် အားလျော့သွားတာပေါ့ဗျာ။ ကျွန်တော်တို့ အတွက် အားနည်းသွားတာပေါ့။ လွှတ်တော်ကိုယ်စားလှယ်တို့၊ ပါတီတာဝန်တို့ ပြန်လုပ်နိုင်မလားလို့ စိတ်ပူတယ်။ လုပ်နိုင်ရင်တော့ သူကတော့ လုပ်မှာပါပဲ” ဟုပြော သည်။

တောင်သာမြို့နယ်၏ ပြည်သူ့လွှတ်တော်အမတ်လည်းဖြစ်သူ ဦးအောင်သောင်းမှာ နေပြည်တော် ရာဇသင်္ဂဟ အိမ်ရာရှိ ၎င်း၏ နေအိမ် တွင် ဇူလိုင် ၈ ရက်ည ၁၁နာရီခန့်က သတိလစ်မူးလဲ သွားသဖြင့် နေပြည်တော်ကုတင် ၁၀၀၀ ဆန့် ဆေးရုံသို့ အရေးပေါ်ဆေးကုသမှု ခံယူပြီးနောက် စင်္ကာပူနိုင်ငံသို့ သွားရောက်ကုသနေခြင်းဖြစ်သည်။

ဆေးကုနေသည့် ဦးအောင်သောင်း၏ ကျန်းမာရေးအခြေအနေနှင့် ပတ်သက်၍လည်း ဦးအောင် သိန်းလင်းက “သွေးကြောပေါက် တာလေးတွေကို ဖာနေတယ်။ ဖာပြီးလို့ရှိရင်တော့ ယိုစီးထား တဲ့သွေးတွေကို ဆွဲထုတ်မယ်။

ခွဲစိတ်ကုသမှုလုပ်နေတုန်းလို့ ပြောတယ်” ဟု စင်္ကာပူတွင် ရောက်ရှိ နေသည့် ဦးအောင်သောင်း၏ မိတ်ဆွေနှင့် ဇူလိုင် ၉ရက်ည ၈နာရီက တယ်လီဖုန်း အဆက်အသွယ် ရရှိသောကြောင့် သိရှိရသည့် အခြေအနေကို ပြောသည်။

ဦးအောင်သောင်းသည် ယခင် စစ်အစိုးရအကြီးအကဲဖြစ်သူ ဗိုလ်ချုပ်မှူးကြီး သန်းရွှေနှင့် နီးစပ်သူတစ်ဦးဖြစ်ပြီး သဘောထားတင်းမာ သူတစ်ဦးအဖြစ် သတ်မှတ်ခံထားရသူလည်းဖြစ်သည်။

စင်္ကာပူနိုင်ငံတွင်သွားရောက်မကုသခင် နေပြည်တော် ကုတင် ၁၀၀၀ဆန့်ဆေးရုံတွင် ရှိနေသည့် ဦးအောင်သောင်း၏ ကျန်းမာရေး အခြေအနေကို ဦးနှောက်ခွဲစိတ်အထူးကုဆရာဝန် ဒေါက်တာ မြတ်သူက “သွေးကြောဖောင်းတာ ပေါက်တာပေါ့။

ဦးနှောက်သွေးကြောပေါက်တယ်၊ သွေးယို တယ်ပေါ့နော်။ အခြေအနေဆိုးတယ်” ဟု ဇူလိုင် ၉ရက် နေ့လည် ၁နာရီတွင် ပြောဆိုထား သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly