အိုင်အက်စ်၏ အဓိကတပ်မှူးတစ်ဦးအား သုတ်သင်နိုင်ခဲ့ဟု အီဂျစ် ထုတ်ဖော်

အိုင်အက်စ်၏ အဓိကတပ်မှူးတစ်ဦးအား သုတ်သင်နိုင်ခဲ့ဟု အီဂျစ် ထုတ်ဖော်

သြဂုတ် ၅ ။           ။  အီဂျစ် နိုင်ငံ စီနိုင်းဒေသတွင် လှုပ်ရှားနေသော အိုင်အက်စ်၏ အဖွဲ့ခွဲတစ်ခုမှ အဓိကခေါင်းဆောင်ဖြစ်သူကို  နှိမ်နင်းသတ်ဖြတ်လိုက်နိုင်ပြီဖြစ်ကြောင်း အီဂျစ် စစ်တပ်က ပြောကြားသွားသည်။ အကြမ်းဖက်အဖွဲ့ခေါင်းဆောင်မှာ ၎င်း၏ တပ်သားဒါဇင်ပေါင်းများစွာနှင့်အတူ သေဆုံးသွားခဲ့ပြီဖြစ်ကြောင်း အီဂျစ် အာဏာပိုင်များက ပြောသည်။

စီနိုင်းဒေသ ရှိ အိုင်အက်စ်နှင့် ဆက်နွယ်နေသော အန်ဆာဘီအယ်လ်မာဒစ် အကြမ်းဖက်အုပ်စုကို အီဂျစ်စစ်တပ်က လေကြောင်းတိုက်ခိုက်မှုများ လုပ်ဆောင်ခဲ့ရာတွင် ယင်းအဖွဲ့ခေါင်းဆောင် ဒူအာအယ်လ် အန်ဆာရီ သေဆုံးသွားကြောင်း ဆိုထားသည်။

အယ်အာရှစ် မြို့အနီး အကြမ်းဖက်အုပ်စု အခြေစိုက်ရာစခန်းများကို အီဂျစ် စစ်တပ်က လေကြောင်းတိုက်ခိုက်မှုများ လုပ်ဆောင်ခဲ့ခြင်းဖြစ်သည်။

အီဂျစ်နိုင်ငံတွင် စီနိုင်းဒေသသည် သောင်းကျန်းသူအုပ်စုများ ထကြွမှုအရှိဆုံးဒေသတစ်ခုဖြစ်ကာ ၎င်းအုပ်စုများသည် စီနိုင်းနှင့် ကိုင်ရိုမြို့တို့ရှိ အကြမ်းဖက်တိုက်ခိုက်မှုများကို လုပ်ဆောင်ထားကြသူများဖြစ်ကြသည်။

" လေကြောင်း စီးနင်းတိုက်ခိုက်မှုတွေကြောင့် အကြမ်းဖက်သမား ၄၅ ယောက်ကျော်ကို သုတ်သင်လိုက်နိုင်ပါတယ်၊ တစ်ခြား ဒါဇင်ပေါင်းများစွာကိုလည်း ဒဏ်ရာရစေခဲ့ပါတယ်၊ လက်နက်တော်တော်များများကိုလည်း ဖျက်စီးလိုက်နိုင်ပါတယ်" ဟု အီဂျစ်စစ်တပ်က ထုတ်ပြန်ပြောကြားသွားသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly

Tags