နိုင်ငံရေးခိုလှုံခွင့်တောင်းခံသူများ ရှိရာ နော်ရူးကျွန်းပေါ်တွင် သြစတြေးလျအစိုးရက ဖိနှိပ်ဆက်ဆံမှုများ ပြုလုပ်နေသည်ဟု လူ့အခွင့်အရေးအဖွဲ့များ ဝေဖန်

နိုင်ငံရေးခိုလှုံခွင့်တောင်းခံသူများ ရှိရာ နော်ရူးကျွန်းပေါ်တွင် သြစတြေးလျအစိုးရက ဖိနှိပ်ဆက်ဆံမှုများ ပြုလုပ်နေသည်ဟု လူ့အခွင့်အရေးအဖွဲ့များ ဝေဖန်

သြဂုတ် ၃ ။        ။ နိုင်ငံရေးခိုလှုံခွင့်တောင်းခံသူများ နောက်ထပ် မလာရဲရန် နော်ရူးကျွန်းပေါ်ရှိ စခန်းတွင် ခိုလှုံနေသူများအပေါ် သြစတြေးလျအစိုးရက ရည်ရွယ်ချက်ရှိရှိ ဖိနှိပ်ဆက်ဆံနေလျက်ရှိကြောင်း လူ့အခွင့်အရေးအုပ်စုများက ဝေဖန်ပြောကြားသွားသည်။

ကင်ဘာရာအစိုးရ၏ လူဝင်မှုမူဝါဒအရ ခိုလှုံခွင့်တောင်းခံရန် လှေများဖြင့် ရောက်ရှိလာသူများကို မူလနေရပ်သို့ ပြန်ပို့ခြင်း သို့မဟုတ် ပါပူအာနယူးဂီနီ နှင့် နော်ရူးကျွန်း သို့ ပို့ဆောင်ပေးခြင်းတို့ကို ပြုလုပ်လျက်ရှိသည်။ ယင်း မူဝါအပေါ် နိုင်ငံတကာ လူ့အခွင့်အရေးအဖွဲ့များဖြစ်ကြသည့် Amnesty International နှင့် Human Rights Watch တို့က ပြင်းပြင်းထန်ထန် ကန့်ကွက်ဝေဖန်ထားသည်။

ခိုလှုံခွင့်တောင်းခံသူများကို ပစိဖိတ်ကျွန်းများပေါ်တွင် နေရာချထားပေးခြင်း သို့မဟုတ် နေရပ်ပြန့်ပို့ပေးခြင်းတို့ကိုသာ လုပ်ဆောင်ပေးမည်ဟု သြစတြေးလျအစိုးရက အခိုင်အမာပြောကြားထားပြီး ဒုက္ခသည်များဖြစ်ပါစေ နိုင်ငံတွင် နေရာချထားပေးရန် အစီအစဉ်မရှိကြောင်း ငြင်းဆိုထားသည်။

အစိုးရ၏ ယင်းမူဝါဒအပေါ် လူ့အခွင့်အရေးအဖွဲ့များက ဆက်တိုက်ဝေဖန်ခဲ့ပြီး ယခုအခါတွင်လည်း နော်ရူးကျွန်းပေါ်တွင် ခိုလှုံနေရသူများအပေါ် အစိုးရဘက်က ဖိနှိပ်ဆက်ဆံခြင်း၊ လူမဆန်စွာ ဆက်ဆံနေခြင်း နှင့် လျစ်လျူရှုထားခြင်းတို့ ရှိနေသည်ဟု ဝေဖန်တိုက်ခိုက်ခဲ့သည်။

ကျွန်းပေါ်တွင် ဖြစ်ပျက်နေသည့် ဖိနှိပ်ဆက်ဆံမှုများကို ကိုင်တွယ်ညွန်ကြားနိုင်ခြင်း မရှိဘဲ ယခုအတိုင်းသာဆိုပါက ယင်းမှာ အစိုးရ၏ မူဝါဒတစ်ခုပင် ဖြစ်နေပြီဖြစ်ကြောင်း လူ့အခွင့်အရေးအုပ်စုနှစ်စုက ပြောကြားသွားသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly

Tags