နည်းပြဂွါဒီယိုလာကြောင့် မန်စီးတီးကို ပြောင်းရွှေ့ခဲ့ခြင်းဟု လီရွိုင်းဆိန်းပြော

နည်းပြဂွါဒီယိုလာကြောင့် မန်စီးတီးကို ပြောင်းရွှေ့ခဲ့ခြင်းဟု လီရွိုင်းဆိန်းပြော

သြဂုတ် ၃၊ အင်္ဂလန်  ။              ။ မန်စီးတီးအသင်းသည် ရှော်လ်ကေးအသင်းမှ အသက် ၂၀ အရွယ်ရှိ ဂျာမနီလက်ရွေးစင်ကစားသမား လီရွိုင်းဆိန်းကို ပြောင်းရွှေ့ကြေးပေါင် ၃၇ သန်းဖြင့် ခေါ်ယူလိုက်ပြီ ဖြစ်သည်။

မန်စီးတီးအသင်းသည် လီရွိုင်းဆိန်းကို ငါးနှစ်စာချုပ် ချုပ်ဆိုခဲ့ခြင်းဖြစ်ပြီး ကစားသမား၏ခြေစွမ်းနှင့်အောင်မြင်မှုများအရ ပြောင်းရွှေ့ကြေးမှာ ပေါင် ၄၂ သန်းအထိတိုးမြင့်သွားမည် ဖြစ်သည်။

ဆိန်းက မန်စီးတီးအသင်းသို့ ပြောင်းရွှေ့ခဲ့ခြင်းမှာ နည်းပြဂွါဒီယိုလာကြောင့် ဖြစ်ပြီး ပိုမိုကောင်းမွန်သည့်ကစားသမားတစ်ဦး ဖြစ်လာမည်ဟု ယုံကြည်ကြောင်း ပြောသည်။

‘မန်စီးတီးကို ပြောင်းလာရတဲ့ အဓိက အချက်ကတော့ နည်းပြဂွါဒီယိုလာကြောင့်ပါပဲ။ သူက ကျွန်တော်ဒီမှာ ပိုမိုတိုးတက်လာမယ်လို့ ယုံကြည်နေပါတယ်။ ဂွါဒီယိုလာလက်အောက်မှာ အများကြီးသင်ယူနိုင်မယ်ဆိုတာ ကျွန်တော်သိပါတယ်။ အခု ကျွန်တော့်ရဲ့ကစားသမားဘဝကို နောက်တစ်ဆင့်မြှင့်ဖို့ အခွင့်အရေးရပါပြီ။

ဘာစီလိုနာနဲ့ဘိုင်ယန်မြူးနစ်အသင်းတွေမှာ လူငယ်ကစားသမားတွေကို ဂွါဒီယိုလာ မြေတောင်မြှောက်ပေးခဲ့တာ တွေ့ခဲ့ရပြီးပါပြီ။ ကျွန်တော့်ကို ပိုမိုပြီးပြည့်စုံတဲ့ ကစားသမားဖြစ်လာအောင် ဂွါဒီယိုလာက ပြုလုပ်ပေးနိုင်မယ်လို့ ထင်ပါတယ်’ ဟု ဆိန်းက ပြောဆိုခဲ့သည်။ လီရွိုင်းဆိန်းသည် မန်စီးတီးတွင် ကျောနံပါတ် ၁၉ ဂျာစီကို ဝတ်ဆင်ကစားမည် ဖြစ်သည်။

ရည်ညွှန်း ဒေးလီးမေးလ်

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly