ဝ၊ မိုင်းလား အဖွဲ့များ ဒေါ်အောင်ဆန်းစုကြည်၊ တပ်ချုပ် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်တို့နှင့် သီးခြားစီတွေ့ဆုံ

ဝ၊ မိုင်းလား အဖွဲ့များ ဒေါ်အောင်ဆန်းစုကြည်၊ တပ်ချုပ် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်တို့နှင့် သီးခြားစီတွေ့ဆုံ
နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်နှင့် အထူးဒေသ ၂၊ အထူးဒေသ ၄တို့မှ ခေါင်းဆောင်များသည် နေပြည်တော်ရှိ သင်္ဂဟဟိုတယ်တွင် ၂၀၁၆ခုနှစ်၊ ဇူလိုင် ၂၉ရက်က တွေ့ဆုံဆွေးနွေးစဉ်။ (ဓာတ်ပုံ-မင်းမင်း)

နေပြည်တော်၊ ဇူလိုင် ၂၉ ။   ။ ဝ ပြည်သွေးစည်းညီညွတ်ရေးတပ်(UWSA) အထူးဒေသ (၂)နှင့် မိုင်းလား (NDAA) အထူးဒေသ (၄) ခေါင်းဆောင်များ နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်နှင့် ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မူးကြီး မင်းအောင်လှိုင်တို့နှင့် ဇူလိုင်လ ၂၉ ရက်က နေပြည်တော်တွင် သီးခြားစီ တွေ့ဆုံခဲ့သည်။

တွေ့ဆုံဆွေးနွေးမှုတွင် နိုင်ငံတော်၏ အတိုင်ပင်ခံဒေါ်အောင်ဆန်းစုကြည်က လက်ရှိ ၂၁ ရာစုပင်လုံ ညီလာခံနှင့် 
ငြိမ်းချမ်းရေး ဆွေးနွေးနေမှုများကို ရှင်းပြခဲ့ပြီး ဝ နှင့် မိုင်းလားအဖွဲ့များမှ ခေါင်းဆောင်များကလည်း ငြိမ်းချမ်းရေးနှင့်ပတ်သက်၍ ၎င်းတို့၏ ပူးပေါင်းဆောင်ရွက်မှုများကို ရှင်းပြခဲ့သလို၊ ၂၁ ရာစု ပင်လုံ ညီလာခံကို ထောက်ခံကြိုဆိုကြောင်း ပြောကြားခဲ့သည်ဟု နိုင်ငံတော် အတိုင်ပင်ခံရုံး ဒုတိယ ညွန်ကြားရေးမှူးချုပ် ဦးဇော်ဌေးက သတင်းထောက်များကို ပြောကြားခဲ့သည်။

“အထူးဒေသ ၂ နဲ့ အထူးဒေသကတော့ သူတို့ရဲ့ တလျောက်လုံး ရပ်တည်ခဲ့တဲ့ ငြိမ်းချမ်းရေးဆောင်ရွက်ခဲ့တဲ့ ငြိမ်းချမ်းရေးနဲ့ ပူးပေါင်းဆောင်ရွက်မှုတွေကို ရှင်းပြတယ်။ နောက်ဆုံးတတိယမြောက်အချက်က ၂၁ ရာစုပင်လုံညီလာခံနဲ့ပတ်သက်လို့ နှစ်ဖွဲ့လုံးက ထောက်ခံတယ် ကြိုဆိုတယ်။ အဲပေါ်မှာ ဘယ်လို ပူးပေါင်းပါဝင်မယ်ဆိုတာကိုတော့ မနက်ဖြန်မှာ ငြိမ်းချမ်းရေးကော်မရှင်နဲ့ ဆက်ပြီးတော့ ဆွေးနွေးသွားမယ်”ဟု ဦးဇော်ဌေးက ပြောသည်။

၎င်းက ဆက်လက်၍ “ဒီနေ့တွေ့ဆုံမှုက ပထမဆုံး အရေးကြီးတဲ့ ခြေလမ်းတစ်ရပ်ဖြစ်ပါတယ်။ အဲဒီခြေလမ်းကလည်း ငြိမ်းချမ်းရေးနဲ့ အမျိုးသားပြန်လည် သင့်မြတ်ရေးအတွက် နိုင်ငံတော် အတိုင်ပင်ခံ ပုဂ္ဂိုလ်နဲ့ ဒီအဖွဲ့အစည်းတွေကြားမှာ ရင်းနှီးမှု ယုံကြည်မှု တည်ဆောက်တာ ဖြစ်ပါတယ်။ ဒါဟာ တော်တော်လေးကို အပြုသဘောဆောင်တယ်လို့ ပြောလို့ ရပါတယ်”ဟု ပြောသည်။

၂၁ ရာစုပင်လုံ ညီလာခံ ပါဝင်တက်ရောက်နိုင်ရေးအတွက် ဇူလိုင်လ ၃၀ ရက်တွင် ဒေါက်တာတင်မျိုးဝင်း ဦးဆောင်သော ပြည်ထောင်စု ငြိမ်းချမ်းရေး-၂၁ ရာစုပင်လုံ အကြိုပြင်ဆင်ရေး ကော်မတီနှင့် UWSP ခေါင်းဆောင်များ သီးသန့် တွေ့ဆုံဆွေးနွေးကြမည် ဖြစ်သလို၊ နောက်ရက်များတွင် မိုင်းလားတပ်ဖွဲ့နှင့် ရန်ကုန်မြို့တွင် တွေ့ဆုံဆွေးနွေးကြမည်ဟု ဦးဇော်ဌေးက မီဒီယာများကို ပြောဆိုခဲ့သည်။

ဝ နှင့် မိုင်းလားအဖွဲ့များကို ပါဝင်၊ မပါဝင်ကိုမူ နှစ်ဖက် တွေ့ဆုံဆွေးနွေးမှုအပေါ်မှာ မူတည်ကြောင်း နှင့် ယနေ့ တွေ့ဆုံဆွေးနွေးမှုမှာ ရင်းရင်းနှီးနှီး ပွင့်ပွင့်လင်းလင်း တွေ့ဆုံဆွေးနွေးနိုင်သဖြင့် အားရကျေနပ်ကြောင်း သူက ပြောသည်။

“သူတို့တဖွဲ့ချင်း ဆွေးနွေးပြီးတော့မှ ၂၁ ရာစု ပင်လုံ ဘယ်လိုပါနိုင်မလဲဆိုတာ ထွက်လာမှာပေါ့နော်။ အဖြေထွက်လာမှာပေါ့။ အဖြေရှာရမှာပေါ့” ဟု သူက ပြောသည်။

ယနေ့ မွန်းလွဲပိုင်း ၂ နာရီခွဲချိန်တွင် ဝ နှင့် မိုင်းလာအဖွဲ့နှင့် ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်နှင့်လည်း နေပြည်တော်ရှိ ဘုရင့်နောင် ရိပ်သာတွင် တွေ့ဆုံခဲ့သည်ဟု သူက ပြောသည်။

နိုင်ငံတော် အတိုင်ပင်ခံ ဒေါ်အောင်ဆန်းစုကြည်က ဝ နှင့် မိုင်းလား အထူးဒေသမှ လူငယ် ၁၀၀ တို့နှင့် နေပြည်တော်တွေင် တွေ့ဆုံကာ လူငယ်များနှင့် အမေအဖြေ အစီအစဉ် ပြုလုပ်ခဲ့သည်။

ဝ နှင့် မိုင်းလား အထူးဒေသမှ လူငယ် ၁၀၀ နှင့် နေပြည်တော်တွင် တွေ့ဆုံခဲ့ရာ နိုင်ငံတော် အတိုင်ပင်ခံ ဒေါ်အောင်ဆန်းစုကြည်က အနာဂတ်အတွက် အမျိုးသမီးနှင့် လူငယ်များသည် အင်မတန်အရေးကြီးကြောင်း၊ လူငယ်များ အနေဖြင့် ငြိမ်းချမ်းရေးအတွက် အင်တိုက်အားတိုက် ပါဝင်ကြရန် မျော်လင့်ကြောင်း၊ ကိုယ့်ပြည်နယ်တွင်းသာမကာ တခြားပြည်ထောင်စုအတွင်း သွားရောက်လည်ပတ်၍ ရင်းနှီးမှု တည်ဆောက်ရန်နှင့် အနာဂတ်အတွက် ပညာရေးကို အလေးထားကြရန် တိုက်တွန်းပြောကြားခဲ့သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly

Tags