ရာသီသစ်တွင် ဂျူဗင်တပ်စ်နှင့်အတူ ဆုဖလားသုံးလုံးရယူရန် ဟီဂူအင် ရည်မှန်း

ရာသီသစ်တွင် ဂျူဗင်တပ်စ်နှင့်အတူ ဆုဖလားသုံးလုံးရယူရန် ဟီဂူအင် ရည်မှန်း

ဇူလိုင် ၂၉၊ အီတလီ။                  ။ ဂျူဗင်တပ်စ်အသင်း၏ တိုက်စစ်မှူးသစ် ဟီဂူအင်က ရာသီသစ်တွင် အသင်းသစ်နှင့်အတူ ဆုဖလားသုံးလုံး ရယူရန် ရည်မှန်းထားကြောင်း ပြောဆိုလိုက်သည်။

ဟီဂူအင်သည် နာပိုလီအသင်းမှ ဂျူဗင်တပ်စ်အသင်းသို့ ပြောင်းရွှေ့ကြေးပေါင် ၇၆ သန်းဖြင့် ရောက်ရှိလာသူဖြစ်ပြီး ကမ္ဘာပေါ်တွင် တတိယဈေးအကြီးဆုံးကစားသမားအဖြစ် မှတ်တမ်းဝင်ခဲ့သူ ဖြစ်သည်။

‘ဒါက အိပ်မက်တစ်ခုဆိုတာ ရှင်းပါတယ်။ ဒါပေမဲ့ ကျွန်တော်တို့ တစ်ရာသီလုံး အလုပ်ကြိုးစားရပါလိ့မ်မယ်။ ရာသီသစ်အတွက် ရည်မှန်းချက်ကတော့ စီးရီးအေဖလား၊ ကိုပါအီတာလီယာဖလားနဲ့ ချန်ပီယံလိဂ်ဖလားတို့ကို ရယူဖို့ပါ။ ဒါကြောင့်ပဲ သူတို့ ကျွန်တော့်အတွက် ငွေတွေအများကြီးသုံးခဲ့ကြတာပါ’ ဟု ဟီဂူအင်က ပြောသည်။

ဂျူဗင်တပ်စ်အသင်းသည် ပြီးခဲ့သည့် ငါးနှစ်ဆက်တိုက် စီးရီးအေဖလားကို ရရှိခဲ့ပြီး ၂၀၁၅ ခုနှစ်က ချန်ပီယံလိဂ်တွင် ဒုတိယ ရရှိခဲ့သည်။ အသက် ၂၈ နှစ်အရွယ်ရှိ ဟီဂူအင်မှာ ဂျူဗင်တပ်စ်အသင်းနှင့် ငါးနှစ်စာချုပ် ချုပ်ဆိုထားသည်။

ဟီဂူအင်သည် ပြီးခဲ့သည့်ရာသီက နာပိုလီအသင်းအတွက် ၃၆ ဂိုးအထိသွင်းယူခဲ့ပြီး စီးရီးအေတွင် ဂိုးသွင်းအများဆုံးကစားသမားအဖြစ် ရပ်တည်ခဲ့သည်။ ထို့အပြင် ၆၆ နှစ်ကြာ တင်ရှိနေသော တစ်ရာသီအတွင်းဂိုးသွင်းအများဆုံး စံချိန်ကိုလည်း ရိုက်ချိုးနိုင်ခဲ့သည်။

ဟီဂူအင်သည် ၂၀၁၃ ခုနှစ်က ရီးယဲလ်မှ နာပိုလီသို့ရောက်ရှိလာသူဖြစ်ပြီး စီးရီးအေပွဲစဉ် ၁၀၄ ပွဲတွင် ၇၁ ဂိုးသွင်းယူနိုင်ခဲ့သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly

Tags