အာဆင်နယ်နောက်ခံလူ မာတီဆက်ကာ ရာသီအစပွဲစဉ်များကို လွဲချော်မည်

အာဆင်နယ်နောက်ခံလူ မာတီဆက်ကာ ရာသီအစပွဲစဉ်များကို လွဲချော်မည်

ဇူလိုင် ၂၇၊ အင်္ဂလန်။            ။ အာဆင်နယ်အသင်း၏ အဓိကနောက်ခံကစားသမားတစ်ဦးဖြစ်သည့် မာတီဆက်ကာသည် လန်းစ်အသင်းနှင့် တစ်ဂိုးစီသရေကျခဲ့သည့် ရာသီကြိုခြေစမ်းပွဲစဉ်တွင် ဒူးဒဏ်ရာ ရရှိခဲ့သည့်အတွက် ရာသီအစပွဲစဉ်များကို လွဲချော်ရတော့မည် ဖြစ်သည်။

ထိုဒဏ်ရာကြောင့် မာတီဆက်ကာမှာ လအနည်းငယ်အနားယူရဖွယ်ရှိနေသည်ဟု နည်းပြအာစင်ဝင်းဂါးက ပြောဆိုထားသည်။ အာဆင်နယ်အသင်းသည် လက်ရှိတွင် ဘော်လ်တန်မှ လူငယ်နောက်ခံကစားသမား ရော့ဟိုးဒင်းကို ခေါ်ယူထားသော်လည်း နောက်ခံအတွင်းလူနေရာတွင် ကိုစီရယ်နီနှင့် ဂါဘရီရယ်တို့ နှစ်ဦးသာ အဓိကနောက်ခံလူများအဖြစ်ရှိနေသည့်အတွက် ကစားသမားသစ်ခေါ်ယူရဖွယ်ရှိနေသည်။

 ‘မာတီဆက်ကာနဲ့ ပတ်သက်ပြီး ကျွန်တော်တို့မှာ သတင်းဆိုးရှိနေပါတယ်။ လန်းစ်နဲ့ကစားခဲ့တဲ့ပွဲမှာ သူထိခိုက်နာကျင်မှုအနည်းငယ်ရှိတာ တွေ့ခဲ့ရပါတယ်။ ဒဏ်ရာကို စစ်ဆေးကြည့်တော့ ဆိုးရွားနေလို့ ခွဲစိတ်ကုသမှု ခံယူရမှာပါ။

သူအချိန်ဘယ်လောက်ကြာကြာအနားယူရမလဲဆိုတာ မသိသေးပါဘူး။ ဒါပေမဲ့ သေချာတာကတော့ လအနည်းငယ်လောက် အနားယူရမယ်ဆိုတာပါပဲ’ ဟု အာစင်ဝင်းဂါးက ပြောဆိုခဲ့သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly