ဇူလိုင် ၂၆ ။ ။ သြစတြေးလျနိုင်ငံရှိ လူငယ်ထိန်းသိမ်းရေးစခန်းတစ်ခုတွင် တာဝန်ကျအစောင့်အကြပ်များက ထိန်းသိမ်းခံလူငယ်များအပေါ် ရက်စက်စွာ ပြုမှုဆက်ဆံနေပုံများကို ရိုက်ကူးထားသည့် ဗီဒီယိုအထောက်အထားများ ထွက်ပေါ်လာပြီးနောက်ပိုင်း ယင်းကိစ္စရပ်ကို စုံစမ်းစစ်ဆေးရန် အစိုးရက ညွှန်ကြားလိုက်သည်။
နိုင်ငံပိုင်ရုပ်သံ ABC က ထုတ်ဖော်ပြသခဲ့သည့် ဗီဒီယိုများထဲတွင် အကျဉ်းကျခံလူငယ်များအပေါ် တာဝန်ကျအစောင့်အကြပ်များက ကိုယ်လုံးတီးချွတ်ထားစေခြင်း၊ မျက်ရည်ယိုဓါတ်ငွေ့များသုံးကာ နှိပ်စက်ခြင်း၊ သီတင်းပတ်ပေါင်းများစွာ တိုက်ပိတ်ထားခြင်း စသည်အထောက်အထားများကို တွေ့မြင်ခဲ့ရသည်။
ရုပ်သံတစ်ခုတွင် အသက် ၁၇ နှစ်သာရှိသေးသော လူငယ်တစ်ဦးကို ခေါင်းစွပ် စွပ်စေပြီး၊ ကုလားထိုင်တစ်လုံးပေါ်တွင် ခြေဆစ်၊ လက်ကောက်ဝတ်များ၊ လည်ပင်းတို့တွင် ကြိုးသိုင်းကာ နှစ်နာရီကြာ တစ်ဦးတည်း ပစ်ထားသည်ကိုလည်း တွေ့ရသည်။
နိုင်ငံ မြောက်ပိုင်း ဒေသရှိ အဆိုပါ လူငယ်ထိန်းသိမ်းရေးစင်တာအတွင်း ဖြစ်ပျက်နေ ပုံများကို နိုင်ငံပိုင် ရုပ်သံက ထုတ်ဖော်ခဲ့ပြီးနောက်ပိုင်း အံ့သြထိတ်လန့်သွားမိကြောင်း ဝန်ကြီးချုပ် မယ်လ်ကွန် တန်ဘူးလ်က ပြောကြားသည်။
" ဒီပုံတွေ မြင်လိုက်ရတော့ ပြည်သူတွေနဲ့ထပ်တူ ကျွန်တော်လဲပဲ ထိခိုက်ခံစားရပါတယ်၊ ဒွန်ဒေးလ် စင်တာက ကလေးတွေအပေါ် ခုလို ရက်ရက်စက်စက် ဆက်ဆံနေတာတွေ မြင်လိုက်ရတော့ အရမ်းကို တုန်လှုပ်ခြောက်ခြားမိပါတယ်" ဟု ၎င်းက ပြောသည်။
" ဒီ ဖြစ်စဉ်တွေကို ဖော်ထုတ်စုံစမ်းဖို့ တော်ဝင် ကော်မရှင်တစ်ရပ်ကို ကျွန်တော်တို့ ဖွဲ့စည်းသွားပါမယ်၊ မြောက်ပိုင်း နယ်မြေဒေသက သက်ဆိုင်ရာ အာဏာပိုင်တွေနဲ့လည်း ပူးပေါင်းလုပ်ဆောင်သွားပါမယ်" ဟုလည်း ၎င်းက ထပ်လောင်းပြောကြားသွားသည်။