ပဲခူးရိုးမ ကာကွယ်ရေးအတွက် သစ်တောဌာနကို အားဖြည့်ပေးရမယ်

ပဲခူးရိုးမ ကာကွယ်ရေးအတွက် သစ်တောဌာနကို အားဖြည့်ပေးရမယ်

ပဲခူးဒေသသစ်ခိုးထုတ်မှုကို နှိမ်နင်းနေတဲ့ သစ်တောဌာနမှာ အထောက်အပံ့မျိုးစုံ လိုအပ်နေပါတယ်

ပဲခူး (Myanmar Now) ။              ။ ပဲခူးတိုင်းဒေသကြီးအတွင်း သစ်တောဝန်ထမ်းတွေဟာ သစ်မှောင်ခိုလုပ်ငန်းလုပ်ကိုင်သူတွေကို နှိမ်နင်းတဲ့အခါ ရန်မူ၊ တိုက်ခိုက်တာမျိုးနဲ့ ကြုံနေရတဲ့အတွက်  သတိထားပြီးဆောင်ရွက်နေရတယ်လို့ ညောင်လေးပင်မြို့နယ်၊ သစ်တောဦးစီးမှူးဦးတင်စိုးကပြောပါတယ်။

မှောင်ခိုသမားတွေက သစ်လုံးတွေကိုတောထဲမှာတင် ခွဲစိတ်ပြီး မော်တော်ယာဉ်အငယ်စား တွေနဲ့ သယ်ယူပို့ဆောင်နေတာကိုသွားရောက် ဟန့်တားရာမှာလည်းသစ်တောအရာရှိတွေအတွက် အခက်အခဲ ဖြစ်နေတယ်လို့ သစ်တောဦးစီးမှူးကရှင်းပြပါတယ်။

“ခိုးထုတ်တဲ့သူတွေကကားကောင်းတွေနဲ့။ ကျွန်တော်တို့ကတောထဲတောင်ထဲမှာ သူတို့ကို လိုက်ဖမ်းဖို့ဆိုရင် ဆိုင်ကယ်လေးနဲ့ဆိုတော့ ဘယ်လိုလုပ်လိုက်နိုင်မှာလဲ။ သူတို့သွားလာတတ်တဲ့ လမ်းတွေကိုပဲ ပိတ်ဆို့ ဖမ်းတာမျိုး လုပ်နေနိုင်တာ”လို့ ဦးတင်စိုးကဆိုပါတယ်။

ပဲခူးရိုးမအတွင်းက သစ်ခိုးထုတ်မှုတွေကို ထိထိရောက်ရောက် ကာကွယ်နိုင်ဖို့အတွက် သစ်တောဝန်ထမ်းအင်အား မလုံလောက်၊ အထောက်အပံ့မပြည့်စုံဘူးလို့ ပဲခူးတိုင်းဒေသကြီး သစ်တောအရာရှိတွေက Myanmar Now ကိုပြောကြပါတယ်။

အစိုးရသစ်လက်ထက်မှာလည်း သစ်မှောင်ခိုလုပ်ငန်းကတော့ ပဲခူးတိုင်းဒေသကြီးမှာ လျော့ကျ မသွားပါဘူး။ ယခုနှစ် ပထမခြောက်လအတွင်းပဲခူးတိုင်းဒေသကြီးမှာသစ်မျိုးစုံ ၁,၂၇၄ တန် ဖမ်းဆီးရ မိတယ်၊  ဒါဟာပြီးခဲ့တဲ့နှစ် ပထမခြောက်လအတွင်းဖမ်းမိတဲ့ ပမာဏထက် တန်တစ်ရာကျော် ပိုများနေ တယ်လို့ ပဲခူးတိုင်းဒေသကြီး၊ သယံဇာတနဲ့ ပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီး ဦးကျော်မင်းစံက ပြောပါတယ်။

သစ်တောရဲ

ပဲခူးတိုင်းမှာ သစ်တောဝန်ထမ်း ၆၁၄ ဦး ခန့်ထားကြောင်း သိရပါတယ်။ အဲဒီထဲမှာ လက်နက် တပ်ဆင်ထားတဲ့ သစ်တောရဲဝန်ထမ်း၂ဝ ဟာ ပဲခူးမြို့နဲ့ဝန်းကျင်မှာ တာဝန်ကျသူတွေပါ။

ကျန်တဲ့နေရာတွေမှာသစ်ခိုးထုတ်သူတွေကိုဖမ်းဆီးအရေးယူဖို့အတွက် လက်နက်တပ်ဆင်မ ထားတဲ့ တခြားသစ်တောဝန်ထမ်းတွေကမြန်မာနိုင်ငံရဲတပ်ဖွဲ့ဝင်တွေနဲ့ ပူးပေါင်းဆောင်ရွက်နေတယ်လို့ ပဲခူးတိုင်းအစိုးရအဖွဲ့ဝင်ဝန်ကြီးဦးကျော်မင်းစံကမကြာသေးခင်က Myanmar Now နဲ့ တွေ့ဆုံစဉ်မှာ ရှင်းပြပါတယ်။

“သစ်မှောင်ခိုတွေကို ဖမ်းဆီးရေး အရှိန်တိုးမြှင့် လုပ်ဆောင်နေသလို အရေအတွက် အလွန် နည်းနေတဲ့ သစ်တောရဲတွေကို တိုးမြှင့်ခန့်ထားဖို့၊ အထောက်အပံ့တွေ လုံလောက်တဲ့အထိ တိုးမြှင့် ပေးဖို့ စီစဉ်နေတယ်”လို့ ဝန်ကြီးက ဆိုပါတယ်။

ပဲခူးတိုင်းအတွင်း ခရိုင် ၄ ခရိုင်လုံးမှာ သစ်တောရဲဝန်ထမ်း ၁ဝ ဦးစီ ခန့်ထားမယ်၊ ဖမ်းဆီးရေး မှာ သူတို့အသုံးပြုလို့ရအောင် ခရိုင်တိုင်းမှာ တောလမ်းသွားဟိုင်းလတ်ကား ၄ စီး ပေးထားဖို့လည်း စီစဉ်နေတယ်လို့ ဝန်ကြီးဦးကျော်မင်းစံက သူ့မှတ်စုစာအုပ်လေးကို ဖွင့်ပြီး ရှေ့ဆက်လုပ်မယ့် အစီအစဉ်တွေကို ရှင်းပြပါတယ်။ ရှိပြီးသား သစ်တောရဲတွေမှာ လက်နက်ပြည့်စုံမှု မရှိတာကိုလည်း အစိုးရအဖွဲ့ကို တင်ပြမယ်၊ ရဲတပ်ဖွဲ့ရဲ့ အကူအညီတွေ ပိုမိုရရှိလာအောင် လုပ်ဆောင်သွားမယ်လို့ သူက ဆိုပါတယ်။

ကုလသမဂ္ဂ မူးယစ်ဆေးဝါးနှင့် ရာဇဝတ်မှုဆိုင်ရာရုံး(UNODC) ရဲ့ နိုဝင်ဘာလ အစီရင်ခံစာမှာ တော့ မြန်မာပြည်မှာသစ်တောရဲဆိုတဲ့ ရာထူးကိုအခုမှ ခန့်ထားခြင်း ဖြစ်တယ်၊ ရာဇဝတ်မှုကျူးလွန်တဲ့ သူတွေကို စုံစမ်းထောက်လှမ်းအရေးယူဖို့အတွက် သူတို့ ဘယ်လောက်အထိ ဆောင်ရွက်နိုင်တယ် ဆိုတာကိုလည်း ရှင်းရှင်းလင်းလင်း မသိရသေးဘူးလို့ သုံးသပ်ထားပါတယ်။

ထိထိရောက်ရောက် ဆောင်ရွက်နိုင်ဖို့အတွက် သစ်တောရဲနဲ့ မြန်မာနိုင်ငံရဲတပ်ဖွဲ့တို့ ပူးပေါင်း စုံစမ်း ထောက်လှမ်းတဲ့အဖွဲ့တွေ ဖွဲ့သင့်ပြီလို့ UNODC က အစီရင်ခံစာမှာ အကြံပြုထားပါတယ်။ 

ပဲခူးတိုင်းဒေသကြီးထဲက သစ်စက်လုပ်ငန်းရှင်တစ်ဦးဖြစ်တဲ့ ဦးအောင်အောင်က သစ်တော အရာရှိတွေဟာ တောထဲမှာစစ်ဆေး၊ ဖမ်းဆီးရေးအရေးပေါ် လုပ်ငန်းတွေအတွက် ရဲတပ်ဖွဲ့ကို အကူအညီတောင်းရာမှာ အခက်အခဲတွေ များပြားပုံရတယ်၊ ပူးပေါင်းဆောင်ရွက်တဲ့ ရဲတပ်ဖွဲ့မှာလည်း အထက်အဖွဲ့အစည်းအဆင့်ဆင့်ကိုသတင်းပို့ အစီရင်ခံ၊ ခွင့်ပြုချက်တောင်းရတယ် ဆိုတဲ့ အနေအ ထားတွေကြောင့် သစ်မှောင်ခို နှိမ်နင်းရေးကို ထိထိရောက်ရောက်၊ မြန်မြန်ဆန်ဆန် မဆောင်ရွက်နိုင် တာ ဖြစ်မယ်လို့ သုံးသပ်ပါတယ်။

တောပြုန်းခြင်း

၂ဝ၁ဝကနေ၂ဝ၁၅အတွင်းသစ်တောဟတ်တာ၃သန်း (ဧက၇ဒသမ၄သန်း)ခန့် ပြုန်းတီးကာ ကမ္ဘာ့ သစ်တောပြုန်းတီးမှုစာရင်းမှာ မြန်မာနိုင်ငံဟာ အဆင့် ၃ ကို ရောက်ရှိခဲ့တယ်လို့ ကမ္ဘာ့ကုလ သမဂ္ဂ စားနပ်ရိက္ခာအဖွဲ့ FAO ကထုတ်ပြန်ခဲ့ပါတယ်။

နိုင်ငံထဲကနေသစ်ခိုးထုတ်တာတွေ ဟန့်တားတဲ့အနေနဲ့ သစ်အလုံးလိုက် ပြည်ပတင်ပို့မှုကို ၂ဝ၁၄ က စပြီးတော့ ရပ်ဆိုင်းခဲ့ပြီးပါပြီ။ ဒီလိုဟန့်တားထားပေမယ့် သစ်ခိုးထုတ်မှုတွေကတော့ ရှိနေ သေးတယ်၊ ၂ဝ၁၅ ဇန်နဝါရီတုန်းက တရုတ်နိုင်ငံသား ၁၅၅ ဦးကချင်ပြည်နယ်မှာသစ် တရားမဝင် ရောင်းဝယ်မှုနဲ့ အရေးယူခံခဲ့ရတယ် လို့   UNODC က  ပြီးခဲ့တဲ့ နိုဝင်ဘာလမှာထုတ်ပြန်တဲ့ အစီရင် ခံစာတစ်စောင်မှာ ထောက်ပြထားပါတယ်။

မကြာသေးမီ နှစ်များအတွင်းပေါ်ပေါက်လာတဲ့ စီမံကိန်းစိုက်ခင်းဆိုတာတွေကလည်း သစ်တောတွေ ပြောင်တလင်းခါသွားရခြင်းရဲ့ အဓိက တရားခံစာရင်းထဲ ပါဝင်နေပါတယ်။

သစ်တောမြေမှာ စီမံကိန်းစိုက်ခင်းလုပ်ကိုင်ခွင့်ရသူ အများအပြားဟာ "သစ်ပင်တွေကို အောက်ခြေကနေ အပြောင်ရှင်းပြီးရ သမျှသစ်တွေကို ထုတ်ယူသွားတယ်၊"  ပြီးမှ စီမံကိန်းအပင်၊ စက်မှုကုန်ကြမ်း စိုက်ခင်းဆိုတာတွေကို စိုက်ပျိုးကြတယ်လို့ နေခြည်သစ်စက်ပိုင်ရှင် ဦးအောင်အောင် က ရှင်းပြပါတယ်။

သစ်ခိုးထုတ်သူတွေ အသုံးပြုတတ်တဲ့ လက်ကိုင်လွှစက်ဟာ သစ်ပင်ကြီး အများအပြားကို အချိန်တိုအတွင်းမြေပြင်ပေါ် လဲှချနိုင်ပါတယ်။ ဒါကြောင့် ချိန်းဆောလို့ ခေါ်ကြတဲ့ လက်ကိုင် လွှစက်တွေကို ဒေသတွင်းအရောင်းဆိုင်တွေမှာရောင်းချခွင့် ပိတ်ပင်လိုက်ပြီလို့ ဝန်ကြီး ဦးကျော်မင်းစံက ပြောပြတယ်။ အပေါ့စားဖြစ်ပေမယ့် တောမြန်မြန်ပြုန်းအောင် အထောက်အကူဖြစ် စေတဲ့ လက်ကိုင်လွှစက်တွေကို လိုင်စင်မရှိဘဲ ကိုင်ဆောင်ရင် ဥပဒေအရ အရေးယူသွားမယ်လို့ သူက ဆက်ပြောတယ်။

၂ဝ၁၆- ၂ဝ၁၇ ဘဏ္ဍာနှစ်အတွင်း နိုင်ငံလုံးမှာ သစ်ထုတ်ယူခွင့် တစ်နှစ် ရပ်ဆိုင်းထားမယ်၊ သစ်ထုတ်ယူနိုင်စွမ်းအကြီးအကျယ် ကျဆင်းနေတဲ့၊ မြန်မာ့ကျွန်းသစ် မူရင်းဒေသဖြစ်တဲ့ ပဲခူးရိုးမမှာ တော့ ၁ဝ နှစ်အထိ ကျွန်းနှင့် သစ်မာထုတ်လုပ်ခြင်းမပြုဘဲ အနားပေးဆောင်ရွက်သွားဖို့ ဆွေးနွေး သုံးသပ်ထားတယ်လို့  သယံဇာတနှင့် ပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးအုန်းဝင်းက ဇွန်လလယ် ဆွေးနွေးပွဲတစ်ခုမှာ ပြောပါတယ်။

ထိန်းသိမ်းရေးနဲ့ ကာကွယ်ရေး

သစ်ခိုးထုတ်သူတွေဟာ ရန်ကုန်-မန္တလေးအမြန်လမ်းကို အဓိကအသုံးပြုပြီး ရန်ကုန်ဈေး ကွက်နဲ့ မန္တလေးဈေးကွက်တို့ကို တင်ပို့ကြပြီးတော့ ယခင်ကလိုသစ်တင်ကား၊ လုပ်ငန်းသုံးကားကြီး တွေကို အသုံးပြုတာထက် အိမ်သုံးကားတွေနဲ့ ခိုးထုတ်ကြတာကို ပိုမိုပြုလုပ်လာကြတယ်လို့ ဦးတင်စိုးက ပြောပြတယ်။  “ကျွန်တော်တို့လည်းဖိဖိစီးစီးနဲ့ဖမ်းဆီးရေးတွေလုပ်လာပါတယ်။ ဒါပေမယ့် နေရာတိုင်းကိုတော့ လက်လှမ်းမမီနိုင်သေးဘူး”လို့သူကဆိုပါတယ်။

သစ်တောဧရိယာအများအပြားကိုရှင်းလင်းပြီးအမြန်လမ်းမကြီးတည်ဆောက်တာမျိုးလိုဖွံ့ဖြိုးရေးလုပ်ငန်းတွေကြောင့် တောပြုန်းတာ၊ တောပြုန်းအောင် အထောက်အကူ ဖြစ်စေတာမျိုးလိုဘေးထွက် ဆိုးကျိုးတွေ ပေါ်ပေါက်လာပါတယ်။ 

“အရင်အစိုးရတွေကပဲခူးရိုးမပေါ်မှာလမ်းတွေဖောက်၊ရန်ကုန်-မန္တလေးအမြန်လမ်းကိုလည်း ဖောက်ခဲ့တော့ ခိုးထုတ်ရတာ ပိုတောင်လွယ်သွားသေးတယ်”လို့ ဝန်ကြီး ဦးကျော်မင်းစံက ဆိုပါတယ်။

ပဲခူးဒေသဟာတခြားတိုင်း၊ ပြည်နယ်တွေနဲ့ ယှဉ်လိုက်ရင် သစ်တောဧရိယာ တော်တော်လေး ကျန်နေသေးတယ်၊ စနစ်တကျ မထိန်းသိမ်းနိုင်ခဲ့ဘူးဆိုရင်တော့ သစ်တောပြုန်းတီးမှု ပိုအားကောင်း လာမယ်လို့ ဝန်ကြီးက ဆိုပါတယ်။ 

“ရှိနေတဲ့တောတွေကိုကျွန်တော့်လက်ထက်မှာထပ်မပြုန်းတီးအောင်ကာကွယ်သွားဖို့၊သစ်တောတွေ ပြန်လည်ဖြစ်ထွန်းလာဖို့ရနိုင်တဲ့နည်းလမ်းမျိုးစုံနဲ့လုပ်ဖို့ဆုံးဖြတ်ထားတယ်။ ကျန်နေသေးတဲ့ ကြိုးဝိုင်းတွေထဲကသစ်ပင်တွေကိုအင်္ဂလိပ်လက်ထက်ကအကွက်အလိုက်သစ်စာရင်းတွေပြုစုခဲ့သလို ပြန်ပြုစုနိုင်အောင်လုပ်ဖို့ စဉ်းစားထားတယ်”လို့ဝန်ကြီးဦးကျော်မင်းစံကပြောပါတယ်။

သစ်တောထိန်းသိမ်းရေးလုပ်ဆောင်ဖို့ အရေးကြီးသလို သစ်မှောင်ခိုသမားတွေကို ထိထိ ရောက်ရောက် အရေးယူနိုင်ဖို့လည်း မဖြစ်မနေ ဆောင်ရွက်ရမယ်လို့ ရေတာရှည်မြို့နယ်၊ တိုင်းဒေ သကြီး လွှတ်တော်ကိုယ်စားလှယ် ဒေါက်တာကျော်ကျော်က သုံးသပ်ပါတယ်။

ရေတာရှည်မြို့နယ်တခွင်မှာ သစ်မှောင်ခိုထုတ်နေသူ ၁ဝ ဦးလောက် ရှိနေကြောင်း သူက ဆက်ပြောပါတယ်။ “အခုမိတဲ့ဟာတွေက တစ်ခေါက်ဆိုရင် ဆယ်ခေါက်လောက်က လွတ်နေတာပဲ။ ဖမ်းဆီးရေး တစ်ခါဝင်ပြီးသွားပြီဆို နောက်ထပ် ဆယ်ရက်လောက်ကို သစ်ခိုးထုတ်သူတွေက အင်တိုက်အားတိုက် လုပ်တာ။ အမြဲတမ်း ဖမ်းဆီးရေးမှ မလုပ်နိုင်တာ” လို့ ဒေါက်တာ ကျော်ကျော်က ပြောလိုက်ပါတယ်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly