ပြည်သူ့လွှတ်တော်အမတ်များ ပြည်တွင်းပြည်ပ အစည်းအဝေး၊ သင်တန်းများတက်ပါက လွှတ်တော်ဥက္ကဋ္ဌ၏ ခွင့်ပြုချက်ယူရမည်

ပြည်သူ့လွှတ်တော်အမတ်များ ပြည်တွင်းပြည်ပ အစည်းအဝေး၊ သင်တန်းများတက်ပါက လွှတ်တော်ဥက္ကဋ္ဌ၏ ခွင့်ပြုချက်ယူရမည်

ရန်ကုန်၊ ဇူလိုင် ၂၅ ။              ။ ပြည်သူ့လွှတ်တော် ကိုယ်စားလှယ်များအနေဖြင့် ပြည်တွင်းပြည်ပအဖွဲ့အစည်းများ၏ သင်တန်းများ အစည်းဝေးများ တက်ရောက်ရန် ဖိတ်ကြးလာပါက ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌ၏ အတည်ပြုချက်ရယူရန်နှင့် ပြည်သူ့လွှတ်တော် ကိုယ်စားလှယ်များ၏ ကိုယ်ရေးအရာရှိများလည်း လွှတ်တော်အစည်းဝေးခန်းမအတွင်းသို့ ဝင်ထွက်ခြင်းမပြုရန် ညွှန်ကြားလိုက်ကြောင်း သိရသည်။

အဆိုပါ ညွှန်ကြားချက်ကို ပြည်သူ့လွှတ်တော်ရုံးက ဇူလိုင်လ ၂၂ရက် ရက်စွဲဖြင့် ထုတ်ပြန်ခဲ့ခြင်း ဖြစ်သည်။

"ပန်ကြားချက်လို့ သူတို့က သုံးတာပေါ့နော်။ ပန်ကြားချက်ဆိုရင်တော့ အကျိုးအကြောင်းလေးကိုတော့ ဖော်ပြသင့် တယ်ပေါ့။ ဘာကြောင့် ဒီလိုကန့်သတ်ရတယ်ဆိုတဲ့ အကျိုးအကြောင်းလေးပါရင်တော့ ပန်ကြားချက်လို့ သုံးလို့ရနိုင်တယ်။ ညွှန်ကြားချက်လို့ ဆိုပြန်တော့လည်း ဥပဒေ၊ နည်းဥပဒေကို ညွှန်းပြီးမှ ဘယ်အပိုဒ်နဲ့ ညီလို့ ဘယ်အပိုဒ်ရဲ့ ခွင့်ပြုချက်အရ အဲ့ဒါမျိုးဖော်ပြပြီးတော့မှ တားဆင့်တာပေါ့။ တကယ်တော့ တားတာပေါ့နော်။ တားတယ်ဆိုတာကို မသုံးပေမယ့် လွှတ်တော်ဥက္ကဋ္ဌထံ တင်ပြပြီးတော့ အတည်ပြုချက်ရယူရမယ်ဆိုတဲ့အလုပ်ကြီးကတော့ ဘယ်လွှတ်တော် ကိုယ်စားလှယ်မှ မလုပ်ပါဘူး။ လွှတ်တော် ဥက္ကဋ္ဌဖုန်းကိုလည်း အချိန်ပြည့် ဆက်လို့ရတာမဟုတ်ဘူး" ရခိုင်အမျိုးသားပါတီမှ မြေပုံမြို့နယ် ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဦးဖေသန်းက ပြောသည်။

INGOs, NGOs, နှင့် CSOs စသည့် ပြည်တွင်းပြည်ပ အဖွဲ့အစည်းများက အစည်းဝေးများ၊ အလုပ်ရုံ ဆွေးနွေးပွဲများ၊ သင် တန်းများ၊ လေ့လာရေးများ တက်ရောက်ရန် ဖိတ်ကြားလာပါက ပြည်သူ့လွှတ်တော် ဥက္ကဋ္ဌထံ မပျက်မကွက် တင်ပြ အတည်ပြုချက်ရယူရန်နှင့် ဖိတ်ကြားခံရသည့် ကိုယ်စားလှယ်များ၊ ကော်မတီများအနေဖြင့် မိမိထံ တစ်ဦးချင်းဖြစ်စေ၊ ကော်မတီခေါင်းစဉ်ဖြင့် ဖြစ်စေ ဖိတ်ကြားလာပါက ဖိတ်ကြားလာသည့် အဖွဲ့အစည်းများထံသို့ "ပြည်သူ့လွှတ်တော် ဥက္ကဋ္ဌထံ လိပ်မူ၍ ဖိတ်ကြားစေလိုကြောင်း" ပြန်လည်ပြောကြားပေးရန်"ဟု ညွှန်ကြားချက်တွင် ဖော်ပြထားသည်။

"နဂိုတည်းကမှ အဲဒီအဖွဲ့တွေက အစည်းဝေးတစ်ခါလုပ်ဖို့ လွှတ်တော်ကိုယ်စားလှယ်တွေကို စုံအောင် တော်တော်ကို့ ခခ ယယ ပြောဆိုစည်းရုံးပြီးတော့ အစည်းဝေးဖြစ်အောင်လုပ်နေကြရတဲ့အထဲမှာ ဒီလိုကန့်သတ်ချက်တွေ လုပ်လိုက်ပြီ ဆိုရင် နောင်တစ်ချိန်မှာ ကိုယ်စားလှယ်နေဲ့ ဒီအဖွဲ့တွေ တွေ့ဖို့ဆိုတာ တော်တော်ကို ခက်ခဲသွားပြီလို့
ကျွန်တော်တို့ဘက်က မြင်ပါတယ်"ဟု ဦးဖေသန်းက ပြောသည်။

ထို့ပြင် ပြည်သူ့လွှတ်တာ် ဒုတိယအကြိမ် အစည်းအဝေးများကို တက်ရောက်မည့် ပြည်သူ့လွှတ်တော်ကိုယ်စား လှယ်များ၏ ကိုယ်ရေးအရာရှိများအနေဖြင့် ပြည်သူ့လွှတ်တော် အစည်းဝေးခန်းမအတွင်းသို့ ဝင်ထွက်သွားလာခြင်းမပြုရန် ညွှန်ကြားခဲ့ခြင်း ဖြစ်သည်။

"စာမထွက်ခင်ကတော့ ဒီလိုပဲ ပုဂ္ဂိုလ်ရေးအရတွေ ဖိတ်တာပေါ့ဗျာ။ အခုက လွှတ်တော်ကိုယ်စားလှယ် ဖြစ်သွားတဲ့ အတွက် ဒီညွှန်ကြားချက်တော့ လောလောဆယ် ရှိလာပြီပေါ့ဗျာ။ ရှိလာပြီဆိုတော့ သူတို့ ဖိတ်နိုင်ရင် ဖိတ်၊ မဖိတ်နိုင်ရင် တစ်မျိုးလုပ်ပေါ့ဗျာ" ဟု အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်မှ ပန်းဘဲတန်းမြိုကနယ် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦး နေဖူးဘဆွေက ပြောသည်။

အဆိုပါ ညွှန်ကြားချက်နှင့် ပတ်သက်၍ ပြည်သူ့လွှတ်တော် ကိုယ်စားလှယ်များအနေဖြင့် အောက်ပါအချက်များကို သတ်မှတ်ထားသည့်အတိုင်း လိုက်နာ ဆောင်ရွက်ကြရမည် ဖြစ်ကြောင်း ပန်ကြားအပ်ပါသည်ဟု ပြည်သူ့လွှတ်တော် ဒုတိယ ညွှန်ကြားရေးမှူးချုပ် နန်းအေးအေးကြည်က လက်မှတ်ရေးထိုးထုတ်ပြန်ခဲ့ခြင်း ဖြစ်သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly