မိုင်ဂျာယန်သွားမည့် တိုင်းရင်းသား ကိုယ်စားလှယ်အဖွဲ့များအား မူဆယ်တွင် ကချင်စာပေနှင့် ယဉ်ကျေးမှုအဖွဲ့က ကြို

မိုင်ဂျာယန်သွားမည့် တိုင်းရင်းသား ကိုယ်စားလှယ်အဖွဲ့များအား မူဆယ်တွင် ကချင်စာပေနှင့် ယဉ်ကျေးမှုအဖွဲ့က ကြို

ချင်းမိုင်၊ ဇူလိုင် ၂၅ ။               ။ တိုင်းရင်းသား လက်နက်ကိုင် တော်လှန်ရေးအဖွဲ့အစည်းများ၏ မျက်နှာစုံညီ အစည်းအဝေးတက်ရောက်မည့် တိုင်းရင်းသား ခေါင်းဆောင်များကို ရှမ်းပြည်နယ်မြောက်ပိုင်း မူဆယ်မြို့မှ ကချင်စာပေနှင့် ယဉ်ကျေးမှုအဖွဲ့က အခမ်းနား များဖြင့်ကြိုဆိုခဲ့ကြောင်း  သိရသည်။

ဇူလိုင်လ ၂၄ ရက်ထိ မူဆယ်မြို့သို့ ရောက်ရှိလာသော တိုင်းရင်းသား လက်နက်ကိုင် တော်လှန်ရေးအဖွဲ့အစည်း ၄ ဖွဲ့နှင့် နိုင်ငံရေးပါတီများမှ ကိုယ်စားလှယ် ၆၇ ဦးကို မူဆယ်မြို့ရှိ ရွှေနန်းတော်ခန်းမှတွင် ကချင်ရိုးရာယဉ်ကျေးမှုဖြင့် ကြိုဆို သော အခမ်းအနားများ ပြုလုပ်ခဲ့ခြင်း ဖြစ်သည်။

“သူတို့ ဒီမှာ နှစ်နိုင်ငံ ညှိနှိုင်းပြီးတော့ သွားရမယ်ဆိုတော့ ကျနော်တို့ ကြိုဆိုတာဖြစ်တယ်။ မန္တလေး၊ လားရှိူးဘက်ကနေ ရောက်လာတဲ့ တိုင်းရင်းသား ခေါင်းဆောင်တွေကို ရွှေနန်းတော်ဆိုတဲ့ ခန်းမမှာ ကြိုဆိုတာ ဖြစ်တယ်။ သူတို့ကို တရုတ် နိုင်ငံဝင်ဖို့ border pass လုပ်ဖို့ စာအုပ် အနီတွေကို အားလုံးရအောင်လုပ်ပေးပြီး သွားလိုက်ကြတယ်”ဟု မူဆယ်မြို့နယ် ကချင်စာပေနှင့် ယဉ်ကျေးမှုအဖွဲ့မှ ဥက္ကဌ ဦးနော်ဂျာက ပြောသည်။

တိုင်းရင်းသား လက်နက်ကိုင်တော်လှန်ရေးအဖွဲ့အစည်းမှ ကိုယ်စားလှယ်များ မိုင်ဂျာယန်သို့ တရုတ်နိုင်ငံမှ သွားရောက် ရန်အတွက် မူဆယ်မြို့နယ် လူဝင်မှုကြီးကြပ်ရေးဌာန၊ အုပ်ချုပ်ရေးဌာနများကလည်း ကူညီလုပ် ဆောင်ပေးနေကြောင်း ၎င်းက ပြောသည်။

ချင်းအမျိုးသားတပ်ဦး (CNF)၊ ရခိုင်ပြည် လွှတ်မြောက်ရေးပါတီ(ALP)၊ ကရင်နီအမျိုးသား တိုးတက်ရေးပါတီ(KNPP)၊ ဒီမိုကရေစီအကျိုးပြု ကရင့်တပ်မတော်(DKBA)၊ ညီနောင်တိုင်းရင်းသား ဖက်ဒရေးရှင်း(NBF) စသည့် အဖွဲ့အစည်းများမှ ကိုယ်စားလှယ်ပေါင်း ၆၇ ဦးအား ကြိုဆိုကာ မိုင်ဂျာယန်သို့ ပို့ဆောင်လိုက်ပြီ ဖြစ်ကြောင်း သူကဆက် ပြောသည်။

မိုင်ဂျာယန် မျက်နှာစုံညီ အစည်းအဝေး ကျင်းပရေးကော်မတီက တိုင်းရင်းသားခေါင်းဆောင်များကို ကြိုဆိုရန် တာဝန် ပေး လာသဖြင့် ကြိုဆိုသော အခမ်းအနား ကျင်းပရခြင်း ဖြစ်ပြီး ထိုအစည်းအဝေးမှ တိုင်းပြည်အတွက် ပိုမိုကောင်း မွန် သည့် အဖြေရရှိလိမ့်မည်ဟု မျော်လင့်ကြောင်း ဦးနော်ဂျာက ပြောသည်။

ဇူလိုင်လ ၂၅ ရက်တွင်လည်း တိုင်းရင်းသား တော်လှန်ရေးအဖွဲ့အစည်းများမှ ကိုယ်စားလှယ် ၅၀ ကျော်ကို လည်း ထပ် မံ ရောက်ရှိလာမည် ဖြစ်၍ ကြိုဆိုပွဲ ဆက်လက် လုပ်ဆောင်သွားမည် ဖြစ်ကြောင်း သူက ပြောသည်။

ယင်းအစည်းအဝေးသို့ တိုင်းရင်းသား လက်နက်ကိုင် တော်လှန်ရေးအဖွဲ့အစည်း ၂၁ ဖွဲ့မှ ကိုယ်စားလှယ် ၅ ဦးနှုန်း တက် ရောက်ရန် ဖိတ်ခေါ်ထားပြီး ပြည်တွင်းမှ NBF နှင့် ညီညွတ်သော တိုင်းရင်သားလူမျိုးများ မဟာမိတ်အဖွဲ့ (UNA)နှင့် အ  မျိုးသမီးများအဖွဲ့ချုပ်(မြန်မာနိုင်ငံ)-WLB တို့ကိုလည်း ကိုယ်စားလှယ် ၅ ဦးနှုန်း ဖိတ်ကြားထားခြင်း ဖြစ်ပြီး လေ့လာ သူ များ၊ ရုံးအဖွဲ့အစည်းများ အပါအဝင် စုစုပေါင်း ၅၀၀ ခန့် တက်ရောက်ရန် ခန့်မှန်းထားသည်။

ငြိမ်းချမ်းရေးကော်မတီအနေဖြင့် တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့အစည်းများ မိုက်ဂျာယန်သို့ သွားလာရေး အစီအစဉ် များ အဆင်ပြေချောမွေ့စေရန်အတွက် လိုအပ်သည့် အုပ်ချုပ်ထောက်ပံ့မှုများကို အမျိုးသား ပြန်လည် သင့်မြတ်ရေးနှင့် ငြိမ်းချမ်းရေး ဗဟိုဌာန ထံတင်ပြ၍ ကူညီပံ့ပိုးမှုများ ဆောင်ရွက်ပေးလျက်ရှိပါသည်ဟု ငြိမ်းချမ်းရေးကော်မရှင်က ဇူလိုင် ၂၃ ရက်က ထုတ်ပြန်ထားသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly