နေပြည်တော်(ဇူလိုင် ၂၃၊ ၂၀၁၆ခုနှစ်) ။ ။ ပြည်ထောင်စုအစိုးရရုံးစိုက်ရာမြို့တော် နေပြည်တော်ကို သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းသည့် အစိမ်းရောင်မြို့တော်(Green City)အဖြစ် အကောင်အထည်ဖော်သွားမည်ဖြစ်ကြောင်း နေပြည်တော်ကောင်စီဥက္ကဌ ဒေါက်တာမျိုးအောင်က ပြောသည်။
"နေပြည်တော်ကို Green City ဖြစ်အောင် အဓိကထားပြီး လုပ်သွားမယ်" ဟု ဒေါက်တာမျိုးအောင်က ဇူလိုင် ၂၂ရက်တွင် မီဒီယာများကို ပြောသည်။
ယခုကဲ့သို့ နေပြည်တော်အား အစိမ်းရောင်မြို့တော်(Green City)အဖြစ် အကောင်အထည်ဖော်ရန် နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ်ဖြစ်သူ ဒေါ်အောင်ဆန်းစုကြည်က မူဝါဒချမှတ်ထားခြင်းဖြစ်သည်။
"နေပြည်တော်တစ်ဝှိုက်မှာ နဂိုကတည်းက သစ်တောဧရိယာတွေရှိခဲ့တာဆိုတော့ ဒါကို အခွင့်ကောင်းယူပြီးတော့မှ အရှေ့တောင်အာရှမှာ အာဆီယံမှာပေါ့ တစ်ကယ့်စံပြ Green City လုပ်မယ်ဆိုတာ နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ်(ဒေါ်အောင်ဆန်းစုကြည်)ရဲ့ မူပါ" ဟု နေပြည်တော်ကောင်စီဝင် ဦးတင်ထွန်းက မဇ္ဈိမကို ပြောသည်။
နေပြည်တော်ကို အစိမ်းရောင်မြို့တော်အဖြစ် အကောင်အထည်ဖော်ရန် နှစ်အကန့်အသတ်ဖြင့် စီမံကိန်းချမှတ်ထားခြင်းမရှိသော်လည်း အစိုးရက စတင်အကောင်အထည်ဖော်နေပြီဟုလည်း ၎င်းက ဆိုသည်။
"နေပြည်တော်မှာက သဘာဝတောတွေရှိတယ်။ ဒီသဘာဝတောတွေကို ဆက်စပ်တဲ့ဝန်ကြီးဌာနတွေက ထိန်းနေပြီ။ ရှိရင်းစွဲတောတွေ ပိုပြီးတော့ကောင်းလာအောင် လုပ်မှာပေါ့။ သင့်တော်တဲ့နေရာတွေမှာ နောက်တစ်ခုက စိုက်ခင်းတွေစိုက်နေပြီ။ လူထုလှုပ်ရှားမှုနဲ့ သစ်ပင်တွေစိုက်နေပြီ။ ဒါကလည်း Green City ကို အားဖြည့်တာပေါ့" ဟု နေပြည်တော်ကောင်စီဝင် ဦးတင်ထွန်းက ရှင်းပြသည်။
နေပြည်တော်ကောင်စီနယ်မြေအတွင်း မြို့နယ်ပေါင်း ၈မြို့နယ်ရှိပြီး လူဦးရေအားဖြင့် ဆယ်သိန်းကျော် နေထိုင်လျက်ရှိသည်။
ပြီးခဲ့သည့် အစိုးရသက်တမ်းတွင် နေပြည်တော်၏ အသုံးစရိတ်သည် မလိုအပ်ဘဲ အလွန်များပြားသည်ဟု လွှတ်တော်အမတ်များက ပြင်းပြင်းထန်ထန်ဝေဖန်ခဲ့ဖူးသည်။ ယခုအစိုးရလက်ထက်တွင်မူ နေပြည်တော်အသုံးစရိတ်ကို မြို့ပြထက် ကျေးလက်ဒေသဖွံ့ဖြိုးရေးအတွက် အဓိကထားသုံးစွဲသွားမည်ဟု ကောင်စီဥက္ကဌ ဒေါက်တာမျိုးအောင်က ပြောသည်။