ဦးအောင်သောင်း ကျန်းမာရေးဆိုးရွားသဖြင့် စင်းလုံးငှားလေယာဉ်ဖြင့် စင်္ကာပူတွင် ဆေးသွားကု

ဦးအောင်သောင်း ကျန်းမာရေးဆိုးရွားသဖြင့် စင်းလုံးငှားလေယာဉ်ဖြင့် စင်္ကာပူတွင် ဆေးသွားကု

စစ်အစိုးရလက်ထက်က စက်မှုဝန်ကြီးဖြစ်ခဲ့သူ၊ လက်ရှိ အာဏာရပါတီ၏ ဗဟိုအတိုင်ပင်ခံ ဦးအောင်သောင်းမှာ ဦးနှောက်သွေးကြောပေါက်ပြီး ကျန်းမာရေးအခြေအနေ ဆိုးရွားသဖြင့် စင်္ကာပူနိုင်ငံတွင် သွားရောက်ကုသရန် စင်းလုံးငှားလေယာဉ်ဖြင့် ဇူလိုင် ၉ရက်၊ ညနေ ၃နာရီခန့်တွင် နေပြည်တော်လေဆိပ်မှတစ်ဆင့် ထွက်ခွာသွားသည်။

ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ၏ ဗဟိုအတိုင်ပင်ခံဖြစ်သော တောင်သာမြို့နယ်၏ ပြည်သူ့လွှတ်တော် အမတ်လည်းဖြစ်သူ ဦးအောင်သောင်းမှာ ရာဇသင်္ဂဟအိမ်ရာရှိ ၎င်း၏နေအိမ်တွင် ဇူလိုင်လ ၈ ရက်ည ၁၁ နာရီခန့်က သတိလစ်မူးလဲသွားသဖြင့် နေပြည်တော် ကုတင် ၁၀၀၀ ဆေးရုံသို့ အရေးပေါ်ဆေးကုသမှုခံယူပြီး နောက် စင်ကာပူနိုင်ငံသို့ သွားရောက်ကုသခဲ့ခြင်းဖြစ်သည်။

“သွေးကြောဖောင်းတာ ပေါက်ထားတာပေါ့။ ဦးနှောက်သွေးကြောပေါက်တယ်၊ သွေးယိုတယ်ပေါ့နော်။ အခြေအနေဆိုးတယ်” ဟု စင်္ကာပူနိုင်ငံ သို့မပို့ဆောင်ခင် ခုတင် ၁၀၀၀ဆေးရုံတွင်ရှိနေသည့် ဦးအောင်သောင်း၏ ကျန်းမာရေးအခြေအနေကို ဦးနှောက်ခွဲစိတ် အထူးကုဆရာဝန် ဒေါက်တာမြတ်သူဝင်းက နေ့လည် ၁၁နာရီက ရှင်းပြသည်။

ဦးအောင်သောင်းအား စင်္ကာပူနိုင်ငံသို့ ဆေးကုသမှုခံယူရန် မပို့ဆောင်ခင် ကုတင် ၁၀၀၀ဆန့် ဆေးရုံသို့ သမ္မတရုံးဝန်ကြီး ဦးစိုးသိန်းအပါအဝင် ပြည်ထောင်အစိုးရအစိုးရဝန်ကြီးများဖြစ်သော စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီး ဦးဝင်းမြင့်၊ လျှပ်စစ်စွမ်းအားဝန်ကြီး ဦးခင်မောင်စိုး၊ ဘဏ္ဍာရေးဝန်ကြီး ဦးဝင်းရှိန်တို့ ရောက်ရှိလာသည်ကို သွားရောက်သတင်းယူသည့် မဇ္ဈိမသတင်းထောက်က တွေ့ရှိရသည်။

“သတိကတော့ ရတစ်ချက်၊ မရတစ်ချက်ဖြစ်နေတယ်” ဟု ဦးအောင်သောင်း၏ ကျန်းမာရေးအခြေအနေကို လာရောက်ကြည့်ရှုအပြီး စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီး ဦးဝင်းမြင့်က သတင်းထောက်များကို ပြောသည်။

ကျန်းမာရေးအခြေအနေ ရုတ်တရက်ဆိုးရွားသွားသော ဦးအောင်သောင်းရှိရာ ကုတင် ၁၀၀၀ဆေးရုံရှိ အထူးကြတ်မတ် ကုသဆောင်သို့ ပြည်ခိုင်ဖြိုးပါတီ ဒုဥက္ကဋ္ဌ ဦးဌေးဦးအပါအဝင် ပါတီ၏ ထိပ်ပိုင်းခေါင်းဆောင်များ ဖြစ်သော ဦးသိန်းဇော် ဦးတင်ထွတ်နှင့် ဦးစိုးသာတို့လည်း ရောက်ရှိလာခဲ့သည်။

ယင်းနောက် အရေးပေါ်လူနာတင်ယာဉ်အမှတ်(9F- 9687)ဖြင့် ဦးအောင်သောင်းအား စင်္ကာပူသို့သွားရောက် ကုသရန် နေပြည်တော်လေဆိပ်သို့ သယ်ဆောင်သွားခဲ့ခြင်းဖြစ်သည်။

ဦးအောင်သောင်းသည် စစ်အစိုးရဟောင်း အကြီးအကဲဖြစ်သော ဗိုလ်ချုပ်မှူးကြီးသန်းရွှေနှင့် နီးစပ်သူတစ်ဦးဖြစ်ပြီး သဘောထားတင်းမာသူအဖြစ် သတ်မှတ်ခံထားရသူတစ်ဦးလည်းဖြစ်သည်။

ယင်းအပြင် တောင်သာတပ်မတော် တည်ထောင်သူဟုလည်း စွပ်စွဲခံရပြီး ပြီးခဲ့သည့်နှစ်က အမေရိန်ကန်အစိုးရ၏ အမည်ပျက်စာရင်း သွင်းခံထားရသူဖြစ်သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly