နေပြည်တော်(ဇူလိုင် ၂၀၊ ၂၀၁၆ခုနှစ်)။ ။ နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ်အဖြစ် ဒေါ်အောင်ဆန်းစုကြည် တာဝန်ယူထားသော နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ်ရုံးက http://www.statecounsellor.gov.mm/zg/ လိပ်စာဖြင့် ဝက်ဆိုက်ဒ်တစ်ခု လွှင့်တင်လိုက်သည်။
အဆိုပါ http://www.statecounsellor.gov.mm/zg/ ဟူသည့် ဝက်ဆိုက်ဒ်လိပ်စာအား နိုင်ငံတော်အတိုင်ပင်ခံရုံးဝက်ဆိုက်ဒ်စာမျက်နှာနှင့် မိတ်ဆက်ခြင်းဟူ၍ နိုင်ငံတော်အတိုင်ပင်ခံရုံး၏ လူမှုကွန်ယက် ဖေ့စ်ဘွတ်တွင် ဇူလိုင် ၂၀ရက်၊ ည ၇နာရီခန့်အချိန်တွင် ရေးသားထားသည်။
အဆိုပါ ဝက်ဆိုက်ဒ်တွင် နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်၏ လှုပ်ရှားမှုများ၊ နောက်ဆုံးရသတင်းများကို ဖော်ပြထားသလို ထုတ်ပြန်ချက်များကိုလည်း ဖော်ပြသွားဖွယ်ရှိသည်။
ထို့ပြင် အမျိုးသားပြန်လည်သင့်မြတ်ရေးနှင့်ငြိမ်းချမ်းရေး၊ ရခိုင်ပြည်နယ်တည်ငြိမ်အေးချမ်းရေးနှင့်ဖွံ့ဖြိုးတိုးတက်ရေး၊ ပြည်ထောင်စုငြိမ်းချမ်းရေးညီလာခံ- ၂၁ရာစုပင်လုံ၊ နိုင်ငံတစ်ကာဆက်ဆံရေးနှင့် ပြည်သူသို့ကျေးဇူးတင်လွှာ စသဖြင့် အခန်းကဏ္ဍများကိုလည်း ဖော်ပြသွားမည်ဖြစ်သည်။
အခြေခံဥပဒေအရ သမ္မတဖြစ်ခွင့်ကန့်သတ်ခံထားရသော ဒေါ်အောင်ဆန်းစုကြည်သည် ပြည်သူ့ထောက်ခံမှုဖြင့် NLDပါတီ အာဏာရပြီးနောက် နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ်ရာထူးကို ရယူထားပြီး နိုင်ငံတော်အတိုင်ပင်ခံရုံးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီးအဖြစ် သံအမတ်ကြီးဟောင်း ဦးကျော်တင့်ဆွေကို တာဝန်ပေးထားသည်။