နယူးယောက်၊ ဇူလိုင် ၂၀ ။ ။ ဘီလျှံနာစီးပွားရေးလုပ်ငန်းရှင်ကြီး ဒေါ်နယ်ထရန့်က အငြင်းပွားဖွယ်မဲဆွယ်စည်းရုံးမှုများ လများစွာဆင်နွှဲခဲ့ပြီးနောက် ရီပတ်ဘရီကန်သမ္မတလောင်းအဖြစ် အမည်စာရင်း အရွေးခံလိုက်ရပြီဖြစ်သည်။
ဇူလိုင် ၁၉ ရက်က ပြုလုပ်သော ပထမမဲစစ်တမ်းတွင် ပါတီ၏ သမ္မတလောင်းအမည်စာရင်းအတွက် ထရန့်က လိုအပ်အရေအတွက် ကိုယ်စားလှယ် ၁၂၃၇ ဦး မဲကို ရလိုက်ခြင်းဖြစ်သည်။ ၎င်းနေထိုင်ရာ နယူးယောက်ပြည်နယ် မဲအများစုဖြင့် အမည်စာရင်းတွင် ပါဝင်နိုင်ခဲ့ခြင်းဖြစ်သည်။
"'ဒါက ကျွန်တော် ဘယ်တော့မှ မမေ့တော့မယ့် အဖြစ်ပါ။ ရီပတ်ဘရီကန်သမိုင်းမှာ အကြီးဆုံး မဲစုစုပေါင်းနဲ့ သမိုင်းရလဒ်တစ်ခုကို ကျွန်တော်တို့ အတူ ဖော်ဆောင်လိုက်ခြင်းပဲဖြစ်တယ်။"ဟု ထရန့်က ပြောသည်။
ထရန့်ဆန့်ကျင်ရေးအုပ်စုက ထရန့် မဲမရရေး အပြင်းအထန်ကြိုးစားခဲ့သော်လည်း နောက်ဆုံးရလဒ်ထွက်ပေါ်ချိန်တွင် ကြိုးစားမှုများ သဲထဲရေသွန်ဖြစ်သွားခဲ့သည်။
ပစ်ပစ်နှစ်နှစ် ဝေဖန်မှုများနှင့်အတူ မက္ကဆီကိုရွှေ့ပြောင်းဝင်ရောက်သူများနှင့် မူးယစ်ဆေးရောင်းချသူများကို ပြည်နှင်ဒဏ်ပေးရမည်စသည့် သဘောထားများဖြင့် ရွေးကောက်ပွဲမဲဆွယ်ပွဲများ ယှဉ်ပြိုင်ခဲ့သူ ထရန့်က အမေရိကန်နိုင်ငံရေးတွင် နေရာရသွားမည်ကို မကြိုက်နှစ်သက်သူလည်း အများစုရှိနေသည်။ ထိုပြင် ထရန့်သည် အမေရိကန်ပြည်ထောင်စုအတွင်း မွတ်စလင်များ ဝင်ရောက်ခြင်းကို တားမြစ်ပစ်ရမည်ဟုလည်း ပြောဆိုထားသူဖြစ်သည်။