မသန်စွမ်း ကလေးငယ်တွေကို ပျော်ရွှင်စေခဲ့တဲ့ နေမာ

မသန်စွမ်း ကလေးငယ်တွေကို ပျော်ရွှင်စေခဲ့တဲ့ နေမာ

ဘရာဇီး၊ ဇူလိုင် ၉ ။      ။ နေမာဟာ ပြီးခဲ့တဲ့ အင်္ဂါနေ့က ဘရာဇီးနိုင်ငံ၊ ဆာအိုပေါ်လိုပြည်နယ်ရဲ့ မြို့တော်တစ်ခုဖြစ်တဲ့ ပရာရီရာ ဂရန်ဒီမှာ မသန်စွမ်းကလေးငယ်လေးတွေအတွက် ဘောလုံးပြိုင်ပွဲတစ်ခုကို ဦးစီးကျင်းပပေးခဲ့ပါတယ်။

မသန်စွမ်းကလေးငယ်လေးတွေ ပျော်ရွှင်စွာနဲ့ ဘောလုံးကစားကြတဲ့ ပထမဆုံးပြိုင်ပွဲလည်း ဖြစ်ပါတယ်။ ဒီပြိုင်ပွဲမှာ ပါဝင်ကစား ခဲ့တဲ့ ကလေးငယ်အများစုက လမ်းမလျှောက်နိုင်တဲ့ ကလေးငယ်တွေဖြစ်ပြီး သူတို့ရဲ့ ဘဝမှာ ဘောလုံးကန်ခွင့်ရမယ်လို့ တစ်ခါမှ မမျှော်လင့်ခဲ့တဲ့ ကလေးတွေ ဖြစ်ပါတယ်။

ပြိုင်ပွဲရဲ့ပုံစံကတော့ ပင်နယ်တီကန်သွင်းတဲ့ ပုံစံမျိုးဖြစ်ပါတယ်။ ကလေးငယ်တစ်ဦးက ဂိုးဖမ်းပြီး ဘောလုံးသမားတစ်ယောက်နဲ့ ကလေးတစ်ယောက်စီတွဲပေးထားတဲ့ အတွဲတွေက တစ်လှည့်စီကန်သွင်းကြပါတယ်။

ဘောလုံးသမားရဲ့ခြေထောက်နဲ့ ကလေးငယ်ရဲ့ ခြေထောက်ကို ရာဘာကြိုးနဲ့ပူးတွဲသိုင်းချည်ထားပြီး ကလေးရဲ့ခါးကိုလည်း သရေကြိုးနဲ့ သိုင်းချည်ကာ ဘောလုံးသမားတွေက ကိုင်ထားကြပါတယ်။  အဲ့ဒီနောက် အတူတကွ ပင်နယ်တီကန်သွင်းကြ ပါတယ်။

အဲ့ဒီပွဲလေးကို ပရိသတ်တွေလာရောက်အားပေးခဲ့ကြသလို နေမာကလည်း သားဖြစ်သူနဲ့အတူ တက်ရောက်ခဲ့ပါတယ်။

ကိုပါအမေရိကဖလားပြိုင်ပွဲမှာ နာကျင်စရာတွေနဲ့ ကြုံတွေ့ခဲ့ရပြီးတဲ့နောက် နေမာဟာ မှန်ကန်စွာနဲ့ ဘဝကို ရှေ့ဆက်လျှောက် လှမ်းနေတာ ဖြစ်ပါတယ်။ နာမည်ကျော်ကစားသမားတိုင်း ဆိုးရွားတဲ့ ကာလတွေကို ကြုံတွေ့ရတာပါပဲ။ ဒါပေမဲ့ တည်တည် ငြိမ်ငြိမ်နဲ့ ကျော်ဖြတ်နိုင်ဖို့ လိုအပ်ပါတယ်။ အခု နေမာကလည်း မှန်ကန်တဲ့ ရွေးချယ်မှုနဲ့ ရှေ့ဆက်နေပါပြီ။

ကိုပါအမေရိကဖလားပြိုင်ပွဲမှာ ပြိုင်ဘက်ကစားသမားကို ဘောလုံးနဲ့ကန်ခဲ့လို့ အနီကတ်နဲ့ ထုတ်ပယ်ခံခဲ့ရပြီး လေးပွဲပယ်ပြစ်ဒဏ် ချမှတ်ခံခဲ့ရတဲ့ နေမာကို ဘောလုံးလူဆိုးအဖြစ် တစ်ချို့က ခေါ်ဝေါ်သုံးနှုန်းခဲ့ကြပါတယ်။

အသက် ၂၃ နှစ်အရွယ်သာ ရှိသေးတဲ့ နေမာဟာ တကယ်တော့ ထင်သလောက်ဆိုးရွားသူ မဟုတ်ပါဘူး။ အသက်အရွယ်နဲ့ မလိုက်အောင် ဘောလုံးလောကမှာ အောင်မြင်နေသူဖြစ်ပြီး ဘရာဇီးလက်ရွေးစင်အသင်းမှာလည်း ကြီးမားလှတဲ့ တာဝန်တွေကို ယူထားရသူဖြစ်ပါတယ်။

အသက် ၂၃ နှစ်သာ ရှိသေးပေမယ့် ဘရာဇီးအသင်းခေါင်းဆောင်ရာထူးကို ရယူထားရပြီး အသင်းရဲ့ မရှိမဖြစ် တိုက်စစ်မှူးအဖြစ် တိုင်းပြည်အတွက် ကစားပေးနေရသူ ဖြစ်ပါတယ်။ သူမပါဝင်နိုင်ရင် ဘရာဇီးအသင်းရဲ့တိုက်စစ်အင်အားနဲ့ ကစားပုံက ကျဆင်း သွားခဲ့လို့ အမှားတစ်ခု လုပ်လိုက်တာနဲ့ သိသာထင်ရှားနေတာဖြစ်ပါတယ်။ ပြီးသွားခဲ့တဲ့ ကမ္ဘာ့ဖလားနဲ့ ကိုပါအမေရိက ပြိုင်ပွဲတွေ ကို ကြည့်ရင် ဒီအချက်က သိသာလှပါတယ်။

ဘရာဇီးအသင်းကို ကျော်ဖြတ်အနိုင်ယူလိုတယ်ဆိုရင် နေမာကိုသာ တားဆီးထားလိုက်ပါ။ ဒါဆိုရင် ပြီးပါပြီ။ ဒါက ပြိုင်ဘက် အသင်းတွေနဲ့ ကစားသမားအများစု ကျင့်သုံးခဲ့တဲ့ နည်းလမ်းတွေဖြစ်ပါတယ်။

၂၀၁၄ ကမ္ဘာ့ဖလားနဲ့ ၂၀၁၅ ကိုပါအမေရိကဖလားပြိုင်ပွဲမှာ ဘရာဇီးအသင်းကျဆုံးခဲ့ရတာဟာ နေမာကြောင့်လို့ တစ်ချို့က စွပ်စွဲကြပါတယ်။ ဒါပေမဲ့ နေမာရဲ့စွမ်းဆောင်မှုကိုတော့ သူတို့ မျက်ကွယ်ပြုခဲ့ကြပါတယ်။

ဘရာဇီးအသင်းအတွက် နေမာသွင်းထားတဲ့ စုစုပေါင်းသွင်းဂိုးက ၄၄ ဂိုးရှိနေပါပြီ။ ဘရာဇီးအသင်းသမိုင်းတစ်လျှောက် ဂိုးအများ ဆုံးသွင်းသူများစာရင်းမှာ ပီလီ၊ ရော်နယ်ဒို၊ ရိုမာရီယို၊ ဇစ်ကို တို့ ပြီးတဲ့နောက် ပဉ္စမနေရာမှာ ရပ်တည်နေပါတယ်။ ပီလီရဲ့ သွင်းဂိုး က ၇၇ ဂိုးသာ ရှိလို့ နေမာရဲ့ အသက်အရွယ်နဲ့ဆို ဒီသွင်းဂိုးကို သေချာပေါက် ကျော်ဖြတ်နိုင်ဦးမှာပါ။ ဒီစွမ်းဆောင် မှုကို ကြည့်ရင် ဘရာဇီးအတွက် နေမာရဲ့ အရေးပါမှုကို မြင်နိုင်ပါလိ့မ်မယ်။

ကိုပါအမေရိကဖလားပြိုင်ပွဲမှာ ပွဲပယ်ခံရပြီးတဲ့နောက် နေမာဟာ ဘရာဇီးကို ပြန်ဖို့ ဆုံးဖြတ်ခဲ့ပါတယ်။ နည်းပြဒွန်ဂါထံ ပြန်ခွင့်ပြု ဖို့ တောင်းဆိုခဲ့တာပါ။ ဒွန်ဂါကလည်း ခွင့်ပြုခဲ့ပါတယ်။ နေမာရဲ့ အကြောင်းပြချက်က ခိုင်လုံနေလို့ပါ။

'ပွဲကစားခွင့်မရတော့ပဲနဲ့ လေ့ကျင့်ခန်းပြုလုပ်နေရတာ ကျွန်တော်မပျော်ပါဘူး။ ဒီမှာ ဆက်နေရင် အသင်းဖော်တွေအတွက် နာကျင် စရာပဲ ဖြစ်နေပါလိ့မ်မယ်။ ကျွန်တော်က ပြုံးပျော်ပြီး လေ့ကျင့်ခန်းဆင်းနေရင် ဘာမှ မခံစားရဘူးလို့ သူတို့ထင်ပါလိ့မ်မယ်။ ဒါမှမဟုတ် မျက်နှာမသာမယာနဲ့ လေ့ကျင့်ခန်းဆင်းနေရင်လည်း ကျွန်တော်က စိတ်ဆိုးနေတယ်ဆိုပြီး သူတို့ ပြောပါလိမ့်မယ်' လို့ နေမာက ပြောဆိုခဲ့ပါတယ်။

ဒီစကားတွေကိုကြည့်ရင် ဘရာဇီးအသင်းအတွက် ဘယ်လောက်စဉ်းစားပေးသလဲဆိုတာ ပေါ်လွင်သလို ဘရာဇီးအသင်းရဲ့ ကျဆုံးမှုနဲ့ အတူ နာကျင်နေမယ်ဆိုတာ သံသယရှိစရာမလိုပါဘူး။

အခုအချိန်မှာတော့ နေမာဟာ သူ့ရဲ့ အမှားတွေကနေ သင်ခန်းစာယူပြီး ဘရာဇီးမှာ လူမှုရေးလုပ်ငန်းတွေ လုပ်ကိုင်ကာ ရာသီသစ်အတွက် အားတွေ မွေးနေပါပြီ။

အသက် ၂၃ နှစ်သာ ရှိသေးတဲ့ နေမာဟာ ဆန်းတို့စ်အသင်းနဲ့အတူ ဘရာဇီးနဲ့ တောင်အမေရိကမှာ အောင်မြင်မှု ရရှိခဲ့လို ဘာစီလိုနာအသင်းနဲ့အတူ ကြီးမားတဲ့အောင်မြင်မှုတွေကို ရရှိခဲ့ပြီးပါပြီ။ ဘရာဇီးအသင်းအတွက် ကြီးမားတဲ့အောင်မြင်မှု မရယူပေးနိုင်သေးပေမယ့် ၆၄ ပွဲမှာ ၄၄ ဂိုးဆိုတဲ့ ဂိုးသွင်းနှုန်းကတော့ အသိအမှတ်ပြုရမယ့် စံချိန် ဖြစ်ပါတယ်။ ဒါကြောင့် အနာဂတ်မှာ နေမာဟာ ဘရာဇီးအသင်းနဲ့ ဘာစီလိုနာအသင်းအတွက် အောင်မြင်မှုတွေ ဆက်ယူပေးနိုင်ဦး မယ်ဆိုတာ သေချာလှပါတယ်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly