ဘင်္ဂလားဒေ့ရှ်နိုင်ငံတွင်း ပျောက်ဆုံးနေသူ ၂၆၁ ဦးက အိုင်အက်စ်အဖွဲ့သို့ ဝင်ရောက်သွားဖွယ်ရှိဟု စိုးရိမ်နေ

ဘင်္ဂလားဒေ့ရှ်နိုင်ငံတွင်း ပျောက်ဆုံးနေသူ ၂၆၁ ဦးက အိုင်အက်စ်အဖွဲ့သို့ ဝင်ရောက်သွားဖွယ်ရှိဟု စိုးရိမ်နေ

ဒါကာ၊ ဇူလိုင် ၂၀ ။             ။ အစိုးရက ဇူလိုင် ၂၀ အစောပိုင်းတွင် တရားဝင်ထုတ်ပြန်ကြေညာသည့် ဘင်္ဂလားဒေ့ရှ်နိုင်ငံအနှံ့ ပျောက်ဆုံးနေသူ အနည်းဆုံး ၂၆၁ ဦး ရှိသည်ဆိုရာတွင် အများစုက အရှေ့အလယ်ပိုင်းရှိ အစ္စလာမ်အစွန်းရောက်အဖွဲ့များ သို့မဟုတ် အိုင်အက်စ်အဖွဲ့တို့နှင့် သွားရောက်ပူးပေါင်းခြင်းဖြစ်သည်ဟု စိုးရိမ်မှုများ ဖြစ်ပွားစေသည်။

နိုင်ငံ၏ အထူးလုံခြုံရေးတပ်ဖွဲ့ဖြစ်သော ရုတ်ခြည်းတုံ့ပြန်ရေးတပ်ရင်း RAB က ဖေ့ဘုတ်ပေါ်တွင် လူပျောက်စာရင်း တင်ခဲ့ပြီး ထိုသူများနှင့်ပတ်သက်သည့် သတင်းရသမျှ အကြောင်းကြားရန် ပြည်သူများထံ တိုက်တွန်းထားခြင်းဖြစ်သည်။

နိုင်ငံတွင် မကြာသေးမီက ဖြစ်ပွားသော တိုက်ခိုက်မှုကြီးနှစ်ရပ်ကို ကျုးလွန်ခဲ့သည့် သံသယရှိအစ္စလာမ်စစ်သွေးကြွများက လများစွာ ပျောက်နေပြီး တိုက်ခိုက်မှုနှင့်အတူ ပြန်ပေါ်လာခြင်းဖြစ်၍ အစိုးရ လူပျောက်စာရင်း ပြုစုရန် လုံခြုံရေးတာဝန်ရှိသူများအား အမိန့်ပေးခဲ့ခြင်းဖြစ်သည်။

ယခုစာရင်းပါ ပျောက်နေသူများက ပြည်တွင်းအစွန်းရောက်အဖွဲ့ သို့မဟုတ် အိုင်အက်စ်အဖွဲ့သို့ ဝင်ရောက်သွားခြင်း ဖြစ်မဖြစ်ကိုမူ RAB ပြောရေးဆိုခွင့်ရှိသူ မူဖတီမာမွတ်ခန်းက ထင်မြင်ချက်ပေးရန် ငြင်းဆန်သည်။

ယခုလအစောပိုင်းက ဒါကာမြို့တွင်းရှိ အဆင့်မြင့်ကော်ဖီဆိုင်တစ်ခုကို ပြည်တွင်းအစွန်းရောက်အဖွဲ့ဝင်များ တိုက်ခိုက်၍ နိုင်ငံခြားသား ၁၈ ဦးအပါအဝင် လူ ၂၀ သေဆုံးခဲ့သည်။ ယင်းတိုက်ခိုက်မှုကို အိုင်အက်စ်က ၎င်းတို့လက်ချက်ဖြစ်ကြောင်း ပြောသော်လည်း ဘင်္ဂလားဒေ့ရှ်အာဏာပိုင်များက ပြည်တွင်းအဖွဲ့တစ်ဖွဲ့၏ လက်ချက်သာဖြစ်သည်ဟု ငြင်းသည်။

ထိုတိုက်ခိုက်မှုနောက် မွတ်စလင်နိုင်ငံ ဘင်္ဂလားဒေ့ရှ်တွင် မြောက်ပိုင်းမြို့တစ်မြို့၌ အိဒ်ပွဲတော် လူစုလူဝေးကို လာရောက်တိုက်ခိုက်၍ လုံခြုံရေးအစောင့်တပ်နှင့် အပြန်အလှန်တိုက်ပွဲကြီးတစ်ရပ်ဖြစ်ကာ လူ သုံးဦးနှင့် တိုက်ခိုက်ရေးသမား တစ်ဦး သေဆုံးသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly

Tags