ပါကစ္စတန်တွင် လူမှုမီဒီယာ၌ ကျော်ကြားသူကို မောင်ဖြစ်သူက ဂုဏ်သိက္ခာအတွက် သတ်ဖြတ်၍ တုန်လှုပ်ခြောက်ခြားမှုဖြစ်

ပါကစ္စတန်တွင် လူမှုမီဒီယာ၌ ကျော်ကြားသူကို မောင်ဖြစ်သူက ဂုဏ်သိက္ခာအတွက် သတ်ဖြတ်၍ တုန်လှုပ်ခြောက်ခြားမှုဖြစ်

လာဟိုး၊ ဇူလိုင် ၁၇ ။                 ။ ပါကစ္စတန်နိုင်ငံတွင် လူမှုမီဒီယာ၌ ထင်ရှားကျော်ကြားသည့် မင်းသမီးငယ်တစ်ဦးဖြစ်သည့် ကွန်ဒီးဘာလော့စ်အား မောင်ဖြစ်သူက ဂုဏ်သိက္ခာအတွက် သတ်ဖြတ်ခြင်းဖြစ်ဟန်ရှိကာ လည်ပင်းညှစ်၍ အသတ်ခံရကြောင်း ဇူလိုင် ၁၆ ရက်က ရဲက ပြောပြီး ယင်းမှုခင်းကြောင့် တစ်နိုင်ငံလုံး ခြောက်ခြားမှု ဖြစ်စေသည်။

အမေရိကန်နိုင်ငံက တီဗီငွေကြယ်ပွင့်ဖြစ်သူ ကင်ကာဒစ်ရှန်းနှင့် ခိုင်းနှိုင်းခံရသူ ဘာလော့စ်က အွန်လိုင်းတွင် ဓာတ်ပုံများ တင်ကာ အလှပြရိုက်ကူးခြင်းဖြင့် ပါကစ္စတန်နိုင်ငံက ရှေးရိုးစွဲလူမှုအသိုင်းအဝိုင်း အတွက် စိန်ခေါ်သလိုဖြစ်စေသည်။ မွတ်စလင်တိုင်းပြည်ဖြစ်သော ပါကစ္စတန်တွင် အမျိုးသမီးများက မိသားစုဝင်များနှင့် ဆွေမျိုးအသိုင်းအဝိုင်းတို့၏ ဖိနှိပ်ချုပ်ချယ်မှုအောက်တွင် နေထိုင်ရခြင်းဖြစ်၍ ဘာလော့စ်မှာ ထိုလူမှုအသိုင်းအဝိုင်းအတွက် စိန်ခေါ်မှုပြဿနာလို ဖြစ်နေခဲ့သည်။

အမည်မှနန် ဖာအူဇီယာအစ်ဇမ်းဖြစ်သည့် ဘာလော့စ်သည် ပန်ဂျတ်ပြည်နယ်က အကြီးဆုံးမြို့ မုတန်ရှိ မိသားစုနေအိမ်တွင် သတ်ဖြတ်ခံထားရခြင်းဖြစ်ကြောင်း ပြည်နယ်ရဲဌာနပြောခွင့်ရအမျိုးသမီး နာဘီလာက ပြောသည်။ ဇူလိုင် ၁၅ ရက်က အိပ်နေစဉ် လည်ပင်းညှစ်ကာ သတ်ဖြတ်ခံရခြင်းဖြစ်သည်။

"သူ့ရဲ့ အဖေ အစ်ဇမ်းက ရဲဌာနကို လာအကြောင်းကြားတာပါ။ သူ့သား ဝါဇမ်းက ဘာလော့စ်ကို လည်ပင်းညှစ်သတ်တယ်ဆိုတာကိုပါ။ ဒါက ဂုဏ်သိက္ခာအတွက် သတ်ဖြတ်မှုဖြစ်နိုင်ပါတယ်။ ဒါပေမယ့် ခုလိုသတ်ဖြတ်ရခြင်းရဲ့ နောက်ကွယ်က စေ့ဆော်မှုအမှန်ကို စုံစမ်းဖော်ထုတ်နေပါတယ်။"ဟု နာဘီလာက ဆိုသည်။

လက်ရှိ ပျောက်နေဆဲဖြစ်သည့် အစ်ကိုဖြစ်သူ ဝါဇမ်းကို ရဲက လိုက်လံရှာဖွေလျက်ရှိကြောင်း ၎င်းက ထပ်လောင်းပြောသည်။

ဘာလော့စ်သည် မကြာသေးမီက လူသိများလာခြင်းဖြစ်သည်။ မနက်မှ ညနေအထိ အစားမစာဘဲ ဥပုသ်စောင့်ရသည့် ရာမဇန်လအတွင်း ဘာလော့စ်က ထင်ရှားသည့် ဘာသာရေးခေါင်းဆောင် မူဖတီကာဗီနှင့် တွဲရိုက်သည့် ဓာတ်ပုံများ အွန်လိုင်းတင်ခဲ့သည်။ ထိုသို့ တင်ရာ၌ ဖျော်ရည်အတူသောက်ပြီး စီးကရက်ခဲကာ နှစ်ယောက်အတူ ပျော်ပျော်ပါးပါးရှိနေကြောင်းကို ဘာလော့စ်က   ရေးသားဖော်ပြခဲ့ခြင်းဖြစ်၍ မွတ်စလင်အသိုင်းအဝိုင်းအတွင်း ဝေဖန်မှုများရှိကာ ဘာလော့စ်ကို ပိုမိုလူသိလာကြခြင်းဖြစ်သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly

Tags