ပေါင်သန်း ၃၀ ဖြင့် ကန်တီကို ခေါ်ယူနိုင်မည်ဟု ချယ်လ်ဆီးအသင်းယုံကြည်နေ

ပေါင်သန်း ၃၀ ဖြင့် ကန်တီကို ခေါ်ယူနိုင်မည်ဟု ချယ်လ်ဆီးအသင်းယုံကြည်နေ

ဇူလိုင် ၁၄၊ အင်္ဂလန် ။                ။ ချယ်လ်ဆီးအသင်းသည် ပရီးမီးယားလိဂ်ချန်ပီယံ လက်စတာအသင်းမှ ပြင်သစ်ကွင်းလယ်ကစားသမား ကန်တီကို ပြောင်းရွှေ့ကြေးပေါင်သန်း ၃၀ ဖြင့် ခေါ်ယူနိုင်မည်ဟု ယုံကြည်လျက်ရှိသည်။

လက်စတာအသင်းသည် ကန်တီကို တစ်ပတ်လုပ်ခလစာငွေ ပေါင်တစ်သိန်းဖြင့် စာချုပ်သစ်ချုပ်ဆိုရန် ကမ်းလှမ်းထားသော်လည်း ကန်တီမှာ ချယ်လ်ဆီးနည်းပြသစ် ကွန်တီ၏လက်အောင်တွင် အလုပ်လုပ်လိုလျက်ရှိကြောင်း သတင်းများ ထွက်ပေါ်နေသည်။

ကန်တီမှာ ပရီးမီးယားလိဂ်တွင် ဆက်လက်ကစားလိုနေပြီး ချယ်လ်ဆီးအသင်းသို့ သွားရောက်လိုသောကြောင့် တရုတ်ကလပ် ရှန်ဟိုင်း SIPG၊ ရီးယဲလ်နှင့် ပီအက်စ်ဂျီအသင်းများသို့ သွားနိုင်မည့် အခွင့်အရေးများကို ပယ်ချထားသည်။

ကန်တီ၏ စာချုပ်ပါအချက်အလက်အရ ပြောင်းရွှေ့ကြေး ပေါင်သန်း ၂၀ ပေးချေပါက အပြောင်းအရွှေ့ကိစ္စအတွက်ဆွေးနွေးနိုင်မည်ကို ချယ်လ်ဆီးအသင်းက သိရှိနားလည်သည့်အတွက် ပေါင်သန်း ၃၀ ဖြင့် အပြီးသတ်နိုင်ရန် ကြိုးပမ်းနေခြင်း ဖြစ်သည်။

ပြီးခဲ့သည့် ရာသီက လက်စတာအသင်း ပရီးမီးယားလိဂ်ချန်ပီယံဖြစ်ခဲ့ရာတွင် ကန်တီသည် ကွင်းလယ်မှ အဓိကစွမ်းဆောင်ပေးခဲ့သူ တစ်ဦးဖြစ်သည်။

ရည်ညွှန်း ဒေးလီးမေးလ်

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly