ပီအက်စ်ဂျီနောက်ခံလူ ဒစ်ဂ်နီကို ဘာစီလိုနာအသင်း ငါးနှစ်စာချုပ်ဖြင့် ခေါ်ယူ

ပီအက်စ်ဂျီနောက်ခံလူ ဒစ်ဂ်နီကို ဘာစီလိုနာအသင်း ငါးနှစ်စာချုပ်ဖြင့် ခေါ်ယူ

ဇူလိုင် ၁၄၊ စပိန် ။                ။ ဘာစီလိုနာအသင်းသည် ပီအက်စ်ဂျီအသင်းမှ ပြင်သစ်နောက်ခံကစားသမား လူးကပ်စ်ဒစ်ဂ်နီကို ငါးနှစ်စာချုပ်ဖြင့် အပြီးသတ်ခေါ်ယူလိုက်ပြီဖြစ်သည်။

အသက် ၂၂ နှစ်အရွယ်ရှိ ဒစ်ဂ်နီအတွက် ဘာစီလိုနာအသင်းက ပြောင်းရွှေ့ကြေး ယူရို ၁၆.၅ သန်းပေးချေရမည်ဖြစ်ပြီး ကစားသမား၏ခြေစွမ်းအပေါ်မူတည်၍ ပြောင်းရွှေ့ကြေးမှာ ယူရို ၂၀.၅ သန်းအထိ မြင့်တက်သွားမည် ဖြစ်သည်။

ဘယ်နောက်ခံကစားသမား ဒစ်ဂ်နီသည် ဘာစီလိုနာအသင်းတွင် ပထမကစားသမားနေရာရရန် ဂျော်ဒီအယ်လ်ဘာနှင့် ယှဉ်ပြိုင်ရမည် ဖြစ်သည်။

ဒစ်ဂ်နီသည် လိုင်လီလူငယ်အကယ်ဒမီမှ ပေါ်ထွက်လာသူဖြစ်ပြီး ၂၀၁၁ မှ ၂၀၁၃ ခုနှစ်အထိ လိုင်လီအသင်းတွင် ကစားခဲ့သည်။ ထို့နောက် ပီအက်စ်ဂျီအသင်းသို့ ပြောင်းရွှေ့ခဲ့သည်။ ပီအက်စ်ဂျီတွင် ပထမကစားသမားနေရာမရသည့်အတွက် ပြီးခဲ့သည့်ရာသီက ရိုးမားအသင်းတွင် အငှားသွားရောက်ကစားခဲ့သည်။ ဒစ်ဂ်နီသည် ပြင်သစ်လက်ရွေးစင်အသင်းအတွက် ၁၃ ပွဲ ကစားပေးထားသူလည်း ဖြစ်သည်။

ဒစ်ဂ်နီကို အခြားအသင်းများက ခေါ်ယူလိုပါက လျော်ကြေးငွေ ယူရိုသန်း ၆၀ ပေးချေရမည်ဟု ဘာစီလိုနာအသင်းက စာချုပ်တွင် ထည့်သွင်းချုပ်ဆိုမည် ဖြစ်သည်။

ရည်ညွှန်း ဂိုးလ်ဒေါ့ကွန်း

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly