၂၁ရာစု ပင်လုံညီလာခံကို ဦးစားပေးကာ UNFC ဒုတိယအကြိမ်ညီလာခံကို ဒီဇင်ဘာလသို့ ရွှေ့ဆိုင်းလိုက်

၂၁ရာစု ပင်လုံညီလာခံကို ဦးစားပေးကာ UNFC ဒုတိယအကြိမ်ညီလာခံကို ဒီဇင်ဘာလသို့ ရွှေ့ဆိုင်းလိုက်

တိုင်းရင်းသားလူမျိုးများ ဖက်ဒရယ်ကောင်စီ (UNFC)၏ ဗဟိုအလုပ်အမှုဆောင် အရေးပေါ်အစည်းအဝေးတွင် မကြာမီကျင်းပတော့မည့် တိုင်းရင်းသား လက်နက်ကိုင် တော်လှန်ရေးအဖွဲ့အစည်းများ၏ မျက်နှာစုံညီအစည်းအဝေး၌ တင်ပြမည့် ဘုံရပ်တည်ချက်များ အပါအဝင် အချက် ၇ ချက်က ဆွေးနွေးချမှတ်ခဲ့သည်ဟု သိရသည်။

ထိုင်းနိုင်ငံ ချင်းမိုင်မြို့တွင် ဇူလိုင်လ ၁၁ ရက်နှင့် ၁၂ ရက်ထိ ကျင်းပခဲ့သည့် UNFC၏ ဗဟိုအလုပ်အမှုဆောင် အရေးပေါ်အစည်းအဝေးတွင် ဆွေးနွေးခဲ့ခြင်း ဖြစ်သည်။ 

ထို့ပြင် UNFC ၏ ဒုတိယအကြိမ် ညီလာခံကိုလည်း မူလက လာမည့် သြဂုတ်လတွင် ကျင်းပရန် စီစဉ်ခဲ့သော်လည်း ၂၁ ရာစု ပင်လုံ ညီလာခံကို သြဂုတ်လတွင် ကျင်းပရန် အစိုးရ ဘက်က စီစဉ်မှုများရှိနေသဖြင့် လာမည့် ဒီဇင်ဘာလတွင် ညီလာခံ ကျင်းပရန် ရွှေ့ဆိုင်းထားသည်ဟု သိရသည်။

မိုင်ဂျာယန် မျက်နှာစုံညီ အစည်းအဝေးသို့ UNFC မှ တင်သွင်းမည့် အခြေခံ ဘုံရပ်တည်ချက်များဖြစ်သော အနာဂတ် ဖက်ဒရယ် ပြည်ထောင်စု ဖွဲ့စည်းအုပ်ချုပ်ပုံဆိုင်ရာ အခြေခံ မူသဘောထားရပ်တည်ချက်များ၊ ကာကွယ်ရေးနှင့် လုံခြုံရေးဆိုင်ရာ မူဝါဒ ရပ်တည်ချက်များကို ပြင်ဆင်မှုများ ပြုလုပ်ခဲ့သည်ဟု UNFC အထွေထွေအတွင်းရေးမှူး ခူဦးရယ်က သတင်းထောက်များကို ပြောသည်။

“မိုင်ဂျာယန် အစည်းအဝေးအတွက် ကျနော်တို့ UNFC ဘက်ကနေပြီးတော့ ဘာအစီအစဉ်တွေများ တင်သွင်းမလဲဆိုတဲ့ ကိစ္စလေးတွေ၊ တက်ရောက်မယ့် UNFC ကိုယ်စားလှယ်ကိစ္စတွေကိုလည်း ကျနော်တို့ ဆွေးနွေးကြတယ်။ ဒါ့အပြင် မိုင်ဂျာယန် မျက်နှာစုံညီအစည်းအဝေးကိုပဲ ဦးတည်ပြီးတော့ မိုင်ဂျာယန် အစည်းအဝေးရဲ့ ရည်ရွယ်ချက် ၂ ချက်နဲ့ တိုက်ဆိုင်တဲ့ အနာဂတ် ဖက်ဒရယ် ပြည်ထောင်စုဆိုင်ရာ ဖွဲ့စည်းအုပ်ချုပ်ပုံဆိုင်ရာကိစ္စတွေကိုလည်း အခြေခံ ဘုံသဘော တူညီချက် ရရှိနိုင်ဖို့အတွက် ကျနော်တို့ဘက်က အခြေခံ မူသဘောထားရပ်တည်ချက်လေးတွေကို ကျနော်တို့ တင်သွင်းဖို့ ရှိပါတယ်။ ဒါအပြင် ကာကွယ်ရေးနဲ့ လုံခြုံရေးဆိုင်ရာ မူဝါဒ ရပ်တည် ချက်သဘော ထားလေးတွေ ကိုလည်း ပြင်ဆင်ထားပါတယ်။ အားလုံးကတော့ ဆုံးဖြတ်ချက် ၇ ချက်လောက်တော့ ချမှတ်ပါတယ်”သူက ပြောသည်။

တိုင်းရင်းသား လက်နက်ကိုင် တော်လှန်ရေး အဖွဲ့အစည်းများ၏ မျက်နှာစုံညီ အစည်းအဝေး ကျင်းပရန် အဓိက ရည်ရွယ်ချက်သည် အစိုးရမှ ခေါ်ယူကျင်းပမည့် ပြည်ထောင်စု ငြိမ်းျမ်းရေး ညီလာခံ (၂၁ ရာစုပင်လုံ ညီလာခံ) အတွက် ကြိုတင်ပြင်ဆင်ခြင်း ဖြစ်ပြီး တိုင်းရင်းသား လက်နက်ကိုင်တော်လှန်ရေးအဖွဲ့အစည်းများ၏ 
အနာဂတ် ဖက်ဒရယ် ပြည်ထောင်စုနှင့် ပတ်သက်၍ ဘုံသဘောတူညီချက်များကို ရယူရန် ကျင်းပခြင်း ဖြစ်သည်ဟု သိရသည်။

နှစ်ရက်ကြာ ကျင်းပသော UNFC အရေးပေါ်အစည်းအဝေးတွင် နိုင်ငံတော် အတိုင်ပင်ခံ ဒေါ်အောင်ဆန်းစုကြည်နှင့် UNFC ဥက္ကဌ ဗိုလ်ချုပ်ကြီး အင်ဘန်လ အပါအဝင် ထိပ်သီး ခေါင်းဆောင် ၄ ဦး သွားရောက်ရန် သဘောတူ ဆုံးဖြတ်ခဲ့သည်။ ဇူလိုင်လ ၁၅ ရက်နေ့တွင် ခူဦးရယ် ဦးဆောင်သည့် ကိုယ်စားလှယ် ၆ ဦး သည် ရန်ကုန်မြို့သို့ သွားရောက်၍ နိုင်ငံတော် အတိုင်ပင်ခံ ဒေါ်အောင်ဆန်းစုကြည်နှင့် ထိပ်သီး ခေါင်းဆောင် ၄ ဦးတို့ တွေ့ဆုံ နိုင်ရေး အတွက် ကြိုတင်ပြင်ဆင်မှုများ လုပ်ဆောင်မည် ဖြစ်ကြောင်း သိရသည်။

ထို့ပြင် UNFC ဒုဥက္ကဌ နိုင်ဟံသာ ဦးဆောင်သော ကိုယ်စားလှယ်အဖွဲ့ က ဝ ပြည်သွေးစည်း ညီညွတ်ရေး ပါတီ(UWSP)နှင့် မိုင်းလား(NDAA)တို့နှင့် သွားရောက်တွေ့ဆုံကာ အဓိကအားဖြင့် ၂၁ ရာစုပင်လုံ ညီလာခံသို့ အတူတကွ တက်ရောက် နိုင်ရန်နှင့် UNFC မှ ပြင်ဆင်ထားသည့်အချက်များကို သွားရောက်ဆွေးနွေးသွားမည် ဖြစ်ကြောင်း ခူဦးရယ်က ပြောသည်။

ထိုင်းနိုင်ငံ ချင်းမိုင်မြို့တွင် ဇူလိုင်လ ၁၁ ရက်နှင့် ၁၂ ရက်တွင် ကျင်းပသော အစည်းအဝေးတွင် UNFCဥက္ကဌ ဗိုလ်ချုပ်ကြီး အင်ဘန်လ၊ ဒုဥက္ကဌ နိုင်ဟံသာ၊ အထွေထွေ အတွင်းရေးမှူး ခူဦးရယ်တို့ အပါအဝင် အဖွဲ့ဝင်များ စုစုပေါင်း ၂၀ ကျော် တက်ရောက် ဆွေးနွေးခဲ့ခြင်း ဖြစ်သည်။

ကချင်ပြည်နယ် မိုင်ဂျာယန်တွင် ကျင်းပမည့် တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့အစည်းများ၏ မျက်နှာစုံညီ အစည်းအဝေးကို ဇူလိုင်လ ၂၆ မှ ၂၉ ရက်ထိ သုံးရက်ကြာ ကျင်းပသွားမည် ဖြစ်သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly

Tags