ယူရို ၂၀၁၆ ဗိုလ်လုပွဲအတွင်း ပဋိပက္ခကြောင့် အီဖယ်မျှော်စင်ကို ပိတ်ထား

ယူရို ၂၀၁၆ ဗိုလ်လုပွဲအတွင်း ပဋိပက္ခကြောင့် အီဖယ်မျှော်စင်ကို ပိတ်ထား

ပါရီ၊ ဇူလိုင် ၁၂ ။               ။ ယူရို ၂၀၁၆ ဗိုလ်လုပွဲအတွင်း ရဲနှင့် ပွဲကြည့်ပရိသတ်များကြား ပဋိပက္ခဖြစ်၍ ဇူလိုင် ၁၁ ရက်တွင် အထင်ကရအီဖယ်မျှော်စင်အား ပိတ်ထားခဲ့ရကြောင်း စီစဉ်သူများက ပြောသည်။

“လုံခြုံရေးအခြေအနေ မကောင်းချိန်မှာ မျှော်စင်ကို ဖွင့်လှစ်မည်မဟုတ်ပါ။”ဟု အီဖယ်မျှော်စင်စီမံခန့်ခွဲရေးဌာန ပြောရေးဆိုခွင့်ရှိသူတစ်ဦးက ပြောသည်။ ဘောလုံးပွဲကြည့်လူငယ်များက အမှိုက်များ၊ ကားတစ်စီးနှင့် စကူတာတစ်စီးတို့ကို မီးရှို့ခဲ့ကြသည်။ ယင်းကြောင့် ရဲက မျက်ရည်ယိုဗုံးနှင့် ရေအမြှောက်များဖြင့် လူစုခွဲခဲ့ရခြင်းဖြစ်သည်။

အဆိုပါ အီဖယ်မျှော်စင်ဝန်းကျင်ဖြစ်ပွားသည့် ဝရုန်းသုန်းကားအခြေအနေအတွင်း လူ ၄၀ ခန့်ကို ဖမ်းဆီးခဲ့ရသည်။

လူငယ်များက မီးရှို့ခြင်းများ၊ ရဲကားများအား ပုလင်းများဖြင့် ပစ်ပေါက်ခြင်းများကြောင့် မျက်ရည်ယိုဓာတ်ငွေ့သုံးကာ ရဲက နှိမ်နှင်းခဲ့၍ အီဖယ်မျှော်စင်အောက်ခြေတစ်ဝိုက် ဓာတ်ငွေ့များဖြင့် အုပ်ဆိုင်းသွားခဲ့သည်။

ကမ္ဘာတွင် ခရီးသည်များအား ဆွဲဆောင်ရာ ရေပန်းအစားဆုံးတစ်ခုဖြစ်သည့် အီဖယ်မျှော်စင်သို့ နေ့စဉ် လူ ၂၀၀၀၀ နီးပါး ရောက်ရှိပြီး ၂၀၁၅ ခုနှစ်အတွင်းက အီဖယ်မျှော်စင်သို့ လာရောက်ခဲ့သည့် ခရီးသည်ပေါင်းက ၇ သန်းနီးပါးအထိ ရှိခဲ့သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly