မီးဘေးသင့် ရန်ကုန်မင်္ဂလာစျေး အမြန်ဆုံးပြန်ဆောက်ရန် တိုင်းလွှတ်တော်အမတ်မှတစ်ဆင့် တိုင်းအစိုးရထံ တင်ပြမည်

မီးဘေးသင့် ရန်ကုန်မင်္ဂလာစျေး အမြန်ဆုံးပြန်ဆောက်ရန် တိုင်းလွှတ်တော်အမတ်မှတစ်ဆင့် တိုင်းအစိုးရထံ တင်ပြမည်

ရန်ကုန်၊ ဇူလိုင် ၆ ။            ။ မီးလောင်ကျွမ်းခဲ့သည့် ရန်ကုန်မြို့၊ မင်္ဂလာတောင်ညွန့်မြို့နယ်ရှိ မင်္ဂလာမွန်ဈေးကြီးအား အမြန်ဆုံးပြန်လည် ဆောက်လုပ်ပေးရန် ဈေးသူဈေးသားများက တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ်မှတဆင့် တိုင်းအစိုးရ အဖွဲ့သို့ တောင်းဆိုလိုက်သည်။

"အခုဆိုရင် မီးလောင်တာ ၆လ ပြည့်တော့မယ်လေဗျာ။ ကျွန်တော်တို့ကတော့ ဒီဈေးကြီးကို နိုင်ငံတော် အစိုးရကနေ အမြန်ဆုံး ပြန်ပြီး လုပ်ပေးစေချင်တယ်။ လုပ်ဆောင်ပေးစေချင်တယ်"ဟု မင်္ဂလာဈေး စတုတ္ထ ထပ် တွင် ဆေးဝါးရောင်းချသည့် ဦးရဲလွင်(ခ)ဦးမြင့်လှိုင်က ပြောသည်။

ဇူလိုင်လ ၆ရက်က ရွှေတိဂုံဘုရား အရှေ့ဘက်မုဒ်အနီးရှိ မင်္ဂလာဈေး ဓမ္မာရုံတွင် မင်္ဂလာတောင်ညွန့်မြို့နယ် တိုင်းဒေသကြီးလွှတ်တော် ကိုယ်စားလှယ် ဦးလှဌေးနှင့် မင်္ဂလာဈေး ဈေးသူဈေးသားအချို့က သတင်းစာ ရှင်း လင်းပွဲတစ်ရပ် ပြုလုပ်ခဲ့ပြီး ယခုကဲ့သို့ ပြောဆိုခဲ့ခြင်း ဖြစ်သည်။

လက်ရှိတွင် ဈေးအား အသစ်ပြန်လည် တည်ဆောက်ရန်နှင့် ပြန်လည် ပြုပြင်ရန် ဈေးသူဈေးသားတို့အကြား အငြင်းပွားမှုများရှိနေပြီး အများစုက ဈေးအား အသစ်ပြန်လည်တည်ဆောက်ပေးစေလိုကြခြင်း ဖြစ်သည်။

မင်္ဂလာတောင်ညွှန့်မြို့နယ်၏ တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ် ဦးလှဌေးမှ ဈေးသူဈေးသားများ၏ ဆန္ဒကို လွှတ်တော်မှတဆင့် တိုင်းဒေသကြီး အစိုးရထံ ပြန်လည် တင်ပြသွားမည်ဖြစ်ပြီး လက်ရှိအချိန်ထိ ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့အနေဖြင့် မည်သို့ ဆောင်ရွက်မည်ကို တရားဝင်ပြောကြားထားခြင်းမရှိသေးကြောင်း ပြောကြားခဲ့သည်။

"ဒီနေ့အထိ ကျွန်တော်တို့ ဖြစ်နေတဲ့ ပြဿနာက ဘာကိုလုပ်မယ်ဆိုတာကို ဒီနေ့အထိမသိရသေးတဲ့ ပြဿ နာပါပဲ။ အဲ့ဒါကြောင့် အဖြေတစ်ခုကို သဲသဲကွဲကွဲ သိချင်တာပါ။ ကျွန်တော်ရပ်တည်ပေးနိုင်တာက ဒီဈေးသူ ဈေးသားတွေက အသံတစ်သံတည်းပေးမယ်ဆိုရင် လွှတ်တော် ဥက္ကဋ္ဌကတဆင့် ဝန်ကြီးချုပ်ဆီ ပို့လို့ရမယ်" ဟု ဦးလှဌေးက ပြောသည်။

မင်္ဂလာဈေးသည် ပြီးခဲ့သည့် ၂၀၁၆ ခုနှစ် ဇန်နဝါရီလ ၉ရက် ညပိုင်းက မီးလောင်ကျွမ်းခဲ့ခြင်း ဖြစ်ပြီး ယင်းမီးလောင်ကျွမ်းမှုကြောင့် ဆိုင်ခန်းပေါင်း ၁၆၀၀ကျော်နှင့် ငွေကျပ် သိန်းပေါင်း ၃သိန်း၆သောင်းကျော်ဖိုး ပျက်စီး ဆုံးရှုံးခဲ့သည်။

လက်ရှိတွင် ရန်ကုန်တိုင်းဒေသကြီးလွှတ်တော် လူမှုရေးနှင့် စီမံခန့်ခွဲမှုကော်မတီက မင်္ဂလာဈေး မီးလောင်းကျွမ်းမှုနှင့် ပတ်သက်၍ အစီရင်ခံစာတစ်စောင် တင်သွင်းထားပြီး ဖြစ်သော်လည်း လက်ရှိအချိန်ထိ တိုင်းဒေသကြီးအစိုးရမှ အကြောင်း ပြန်ကြားထားခြင်းမရှိသေးကြောင်းလည်း သိရသည်။

"ဘာလုပ်ပါမယ် ညာလုပ်ပါမယ် ဆိုတာကတော့ အစိုးရရဲ့ ထုတ်ပြန်ချက်ရောက်မှပဲ အားလုံးလည်း သိမယ်။ ကျွန်တော်လည်း သိမယ်"ဟု ဦးလှဌေးက ပြောသည်။

အဆိုပါ သတင်းစာရှင်းလင်းပွဲတွင် ဈေးသူဈေးသားများအချင်းချင်း အခြေအတင် စကားများခဲ့ကြသည့်အတွက် တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ် ဦးလှဌေးက အချင်းချင်း စကားများနေပါက သတင်းစာရှင်းလင်းပွဲအား ချက်ချင်းရပ်ပစ်မည်ဟု သတိပေး ပြောကြားခဲ့ရသည်။

လက်ရှိ၌ အဆိုပါ မင်္ဂလာဈေးကြီးအား ရွှေ့ပြောင်းတည်ဆောက်သွားမည်ဟု ကောလာဟလ သတင်းများထွက် ပေါ်နေကြောင်းလည်း ဈေးသူဈေးသားများက ပြောသည်။

ယင်းသတင်းစာရှင်းလင်းပွဲတွင် တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ်က ဈေးအား အသစ်ဆောက်လုပ်ရန် နှင့် ပြန်လည် ပြုပြင်ရန်အတွက် ဈေးသူဈေးသားများထံမှ ဆန္ဒသဘောထား ထပ်မံတောင်းခံခဲ့ရာတွင် အသစ်ပြန်လည်ဆောက်လုပ်ရန် သဘောထားပေးခဲ့ကြသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly