ဇူလိုင် ၆၊ စပိန်။ ။ ဘာစီလိုနာနှင့် အာဂျင်တီးနားတိုက်စစ်မှူးမက်ဆီသည် အခွန်တိမ်းရှောင်မှုဖြင့် ထောင်ဒဏ် ၂၁ လသတ်မှတ်ခံရသော်လည်း ထောင်ကျမည်မဟုတ်ကြောင်း The Sun သတင်းစာက ဖော်ပြသည်။
မက်ဆီနှင့်ဖခင်ဖြစ်သူသည် ၂၀၀၇ မှ ၂၀၀၉ ခုနှစ်အတွင်း ယူရို ၄ ဒသမ ၁ သန်း (ပေါင် ၃ ဒသမ ၅) သန်းအခွန်တိမ်းရှောင်မှုဖြင့် ပြစ်ဒဏ်ချမှတ်ခံရခြင်းဖြစ်သည်။
အခွန်တိမ်းရှောင်မှုကြောင့် ဒဏ်ကြေးအဖြစ် ယူရိုငွေ သန်းဂဏန်းခန့်လည်း ပေးရမည်ဖြစ်သည်။ သို့သော် စပိန်ဥပဒေအရ နှစ်နှစ် အောက်နည်းသည့်ပြစ်ဒဏ်ဖြစ်နေသည့်အပြင် မက်ဆီနှင့် ဖခင် ဂျော့တို့မှာ ပြစ်ဒဏ်ကျူးလွန်ဖူးသူများမဟုတ်သဖြင့် ထောင်ထဲ တွင်နေထိုင်ရမည်မဟုတ်ဘဲ ပြင်ပတွင်သာ ထိန်းထိန်းသိမ်းသိမ်းနေနိုင်ကြမည်ဖြစ်သည်။
ဘောလုံးသမားနှင့်ဖခင်ဖြစ်သူတို့မှာ အခွန်တိမ်းရှောင်မှုစွဲချက်သုံးခုဖြင့် ဘာစီလိုနာတရားရုံးတွင် ပြစ်ဒဏ်ချမှတ်ခံရခြင်းဖြစ်သည်။ တရားရင်ဆိုင်နေစဉ်ကာလအတွင်း မက်ဆီက ၎င်းသည်ဘောလုံးသာ ကစားနေသဖြင့် စီမံခန့်ခွဲမှုအဖွဲ့၏ ငွေကြေးဆိုင်ရာ လုပ်ရပ်များကို ဘာမှမသိခဲ့ကြောင်း ထွက်ဆိုခဲ့သည်။
Ref; The Sun, BBC