ဒါကာကော်ဖီဆိုင် တိုက်ခိုက်မှု တရားခံအများစုက အထက်တန်းလွှာများမှ ကျောင်းသားလူငယ်များ ဖြစ်

ဒါကာကော်ဖီဆိုင် တိုက်ခိုက်မှု တရားခံအများစုက အထက်တန်းလွှာများမှ ကျောင်းသားလူငယ်များ ဖြစ်

ဒါကာ၊ ဇူလိုင် ၅ ။               ။ ဘင်္ဂလားဒေ့ရှ်နိုင်ငံ ဒါကာမြို့တော်တွင် ဖြစ်ပွားသော လူသေဆုံးမှုများပြားသည့် ကော်ဖီဆိုင်တိုက်ခိုက်မှုတွင် သံသယရှိ ကျုးလွန်သူအများစုက အထက်တန်းလွှာအသိုင်းအဝန်းဖြစ်နေရာ စိုးရိမ်မှုများကြား ရဲဌာနက ဆက်လက်စုံစမ်းမှုများ လုပ်ဆောင်နေရလျက်ရှိသည်။

သံသယတရားခံများတွင် အစိုးရအဖွ့ဲဝင်နိုင်ငံရေးသမားတစ်ဦး၏ သားတစ်ဦးလည်း အပါအဝင်ဖြစ်ကာ တက္ကသိုလ်နှင့် အထက်တန်းလွှာများတက်သည့် ကျောင်းများမှ ကျောင်းသားများလည်း ပါဝင်သည်။

ကော်ဖီဆိုင်စီးနင်းတိုက်ခိုက်မှုတွင် ဓားစာခံ ၂၀ ဦး၊ ရဲနှစ်ဦးနှင့် တိုက်ခိုက်သူ ခြောက်ဦးတို့ သေဆုံးသည်။ သံသယရှိ တိုက်ခိုက်သူတစ်ဦးအား လက်ရဖမ်းမိသည်။

ယခုတိုက်ခိုက်မှုက ၎င်းတို့၏ လက်ချက်ဖြစ်ကြောင်း အိုင်အက်စ်အဖွဲ့က ကြေညာသော်လည်း အစိုးရက အိုင်အက်စ်တိုက်ခိုက်မှုမဟုတ်ကြောင်း၊ နိုင်ငံတွင်း အိုင်အက်စ်လှုပ်ရှားမှု မရှိကြောင်း ငြင်းဆန်သည်။

တိုက်ခိုက်မှု၌ သေဆုံးသူအများစုက နိုင်ငံခြားသားများဖြစ်ပြီး အီတလီ ကိုးဦး၊ ဂျပန် ခုနစ်ဦး၊ အမေရိကန် တစ်ဦးနှင့် အိန္ဒိယ တစ်ဦးတို့ဖြစ်သည်။ တိုက်ခိုက်ရေးသမားများက Holey Artisan ကော်ဖီဆိုင်ကို ၁၂ နာရီကြာ စီးနင်းထားခြင်းဖြစ်ပြီး ဓားစာခံများကို သတ်ဖြတ်ခဲ့ခြင်းဖြစ်သည်။

“ကော်ဖီဆိုင်တိုက်ခိုက်တဲ့ လူငယ်လေးတွေ အများစုက တကယ့် ပညာတတ်အသိုင်းအဝန်းကပါ။ တစ်ချို့ဆို တကယ် ကျောင်းကြီးကျောင်းကောင်းတွေက ကျောင်းသားတွေဖြစ်တယ်။ မိသားစုအသိုင်းအဝန်းကလည်း အထက်တန်းလွှာထဲကပဲ ဖြစ်ကြတယ်။”ဟု ပြန်ကြားရေးဝန်ကြီး ဟာဆန်နူဟတ်က ပြောသည်။

တရားခံတစ်ဦးက နိုင်ငံရေးသမား Imtiaz Khan ၏ သားဖြစ်သူ Rohan Imtiaz ဖြစ်သည်။ ဒီဇင်ဘာလအတွင်း ၎င်းပျောက်ဆုံးနေကြောင်း မိဘဖြစ်သူများက တိုင်ချက်ဖွင့်ထားခြင်းဖြစ်ပြီး ယခုတိုက်ခိုက်မှုဖြစ်ပြီး သံသယကျုးလွန်သူများ၏ ဓာတ်ပုံ အများပြည်သူထံ ထုတ်ပြန်ချိန်မှ ၎င်းတို့၏ သားကို တွေ့သိလိုက်ရခြင်းလည်းဖြစ်သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly