ဧရာဝတီတိုင်းအတွက် ဘတ်ဂျက်ငွေမှာ သုံးငွေ နှင့် ရငွေ မမျှတ၍ အမြဲလိုငွေပြနေ

ဧရာဝတီတိုင်းအတွက် ဘတ်ဂျက်ငွေမှာ သုံးငွေ နှင့် ရငွေ မမျှတ၍ အမြဲလိုငွေပြနေ

ဧရာဝတီတိုင်းဒေသကြီး အစိုးရအဖွဲ့တွင် ရသုံးမှန်းခြေငွေစာရင်းရေးဆွဲရာ၌ အကျုံးဝင်သည့် ဌာန၆၈ခု၊ တိုင်းအဆင့်ရေးဆွဲဌာန ၂၃ခုသာရှိကြေင်း နှင့် ဝင်ငွေရှာနိုင်သည့် ဌာန၅ခုသာရှိကြောင်း ဇူလိုင် ၃ရက်က ပုသိမ်ဟိုတယ်တွင် ကျင်းပသည့် ရသုံးမှန်းခြေ ရေးဆွဲဆိုင်ရာ အလုပ်ရုံဆွေးနွေးပွဲမှ သိရှိရသည်။ 

"နိုင်ငံတော် ဘတ်ဂျက်က ရတဲ့ငွေအပေါ်မှာ မူတည်ပြီးသုံးတယ်။ ရငွေကို မူတည်ပြီးသုံးတော့ ဘတ်ဂျက်ကိုရေးဆွဲတဲ့အခါမှာ ဧရာဝတီတိုင်းဒေသအနေနဲ့ ကြည့်ရင် သုံးတဲ့ဌာနများပြီး ရှာတဲ့ ဌာန၅ခုပဲရှိတယ်။ နိုင်ငံတော်အစိုးရက သူစည်းကြပ်ခွင့်ပြုထားတဲ့ ပစ္စည်း ၁၉ မျိုးမှာ ဧရာဝတီတိုင်းဒေသကြီးမှာ အခွန်ကောက်ခံနိုင်တဲ့ လုပ်ငန်းက ၉ခုပဲရှိတယ်ဆိုတော့ ဧရာဝတီတိုင်းဒေသအနေနဲ့ ဘတ်ဂျက်ရေးဆွဲရင်အမြဲတမ်းလိုငွေပြနေမယ်"ဟု  ဆွေးနွေးပွဲတွင် စီးပွားရေးပညာရှင် ဦးဇင်အောင်က ပြောသည်။ 

"တိုင်းဒေသကြီးမှာ ၂၃ဌာနပဲရှိပါတယ်။ အဲဒီ၂၃ဌာနမှာလည်း တကယ့်တကယ် အခွန်အကောက်နဲ့ရငွေကို 
ရှာနိုင်တာ ၅ဌာန အမှန်ပါပဲ။ ဝင်ငွေ ၇ ဘီလီယံထက် မကျော်ပါဘူး။" ဟု ဧရာဝတီတိုင်း ရသုံးမှန်းခြေငွေစာရင်းဌာန ညွန်ကြားရေးမှူးဦးသန်းရီက အလုပ်ရုံဆွေးနွေးပွဲတွင် ထောက်ခံဆွေးနွေးခဲ့သည်။ 

ဆက်လက်ပြီး စီးပွားရေးပညာရှင် ဦးဇင်အောင်က ဆွေးနွေးသည်မှာ "ဒီလိုငွေကို ဘယ်ကပေးမလဲ နိုင်ငံတော်အနေနဲ့ တိုင်းဒေသကြီးပြည်နယ်အဆင့်မှာ လိုအပ်တဲ့ငွေကို ထောက်ပံ့ငွေအဖြစ် ဖြည့်ဆည်းပေးတာရှိပါတယ်။ ပြည်ထောင်စုရဲ့ စုစုပေါင်းလိုငွေနဲ့ တိုင်းဒေသကြီးပြည်နယ်များကို ထောက်ပံ့ငွေကို နှိုင်းယှဉ်မယ်ဆိုရင် ပြည်နယ်တိုင်းဒေသကြီးများကို ထောက်ပံ့ငွေဟာ ပြည်ထောင်စုလိုငွေရဲ့ ၅၀ရာနှုန်းလောက်ရှိနေတာကို တွေ့ရပါတယ်။ လိုငွေကို လျော့အောင် ရငွေများများရှာမယ်။ ရငွေကိုရှာတဲ့အခါ အခွန်အကောက်ရငွေရယ်၊ ကုန်သွယ်လုပ်ငန်းခွန်ရယ်" ဟု ၎င်းက အကြံပြုဆွေးနွေးခဲ့သည်။ အလုပ်ရုံဆွေးနွေးပွဲတွင်ဆက်လက်ပြောသည်။

အလုပ်ရုံဆွေးနွေးပွဲတွင် ဘဏ္ဍာရေးနှစ်ဘက်ဂျက်များ ရေးဆွဲရာတွင် ကိုယ်စားလှယ်များ ပူးပေါင်ရေးဆွဲရန် ဧရာဝတီတိုင်းဒေသကြီး လူမှုရေးဝန်ကြီးဒေါက်တာလှမြတ်သွေးက ဝင်ရောက်ဆွေးနွေးခဲ့သည်။

၂၀၁၅ခုနှစ်ပြည်ထောင်စု သမ္မတမြန်မာနိုင်ငံတော်ဖွဲ့စည်းပုံအခြေခံဥပဒေကို ပြင်ဆင်သည့် ဥပဒေအရ နောက်ထပ် အခွန်အခ ၂၀မျိုးကို တိုးချဲ့စည်းကြပ်ခွင့်ပြုထားသည်ဟုလည်းသိရသည်။

၂၀၁၆-၁၇ ဘဏ္ဍာရေးနှစ်တွင် ရန်ကုန်တိုင်းဒေသကြီးနှင့် မန္တလေးတိုင်းဒေသကြီးတို့မှအပ တခြားတိုင်းဒေသကြီးနှင့် ပြည်နယ်များ ပြည်ထောင်စုအစိုးရထောက်ပံ့ငွေ လျော့ပါးမသွားခဲ့ကြောင့်တွေ့ရှိရပါသည်။

ဧရာဝတီတိုင်းဒေသကြီး အစိုးရအဖွဲ့မှ ကြီးမှူး၍ အက်ရှင့်အေ့ဒ်မြန်မာနှင့် မဇ္ဈိမ မီဒီယာတို့ ပူးပေါင်းကျင်းပသော ဧရာဝတီတိုင်းဒေသကြီး အဆင့် ရသုံးမှန်းခြေ ငွေစာရင်းဆိုင်ရာ စကားဝိုင်းဆွေးနွေးပွဲကို ဇူလိုင် လ ၃ ရက်နေ့တွင် ပုသိမ်မြို့ ပုသိမ်ဟိုတယ်၌ ပြုလုပ်ခဲ့ခြင်းဖြစ်သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly