ရုရှအစိုးရက ဘောလ်တစ်ရေတပ်သင်္ဘောစုမှ အဆင့်မြင့်စစ်ဘက်အရာရှိ အယောက် ၅၀ ကို ထုတ်ပယ်

ရုရှအစိုးရက ဘောလ်တစ်ရေတပ်သင်္ဘောစုမှ အဆင့်မြင့်စစ်ဘက်အရာရှိ အယောက် ၅၀ ကို ထုတ်ပယ်

ဇူလိုင် ၁ ။                 ။ တာဝန်မကျေပြွန်မှု၊ စွမ်းဆောင်ရည် ညံ့ဖျင်းမှုတို့ဖြင့် ဘောလ်တစ် ရေတပ်သင်္ဘောစုမှ ရာထူးကြီး စစ်ဘက်အရာရှိ  ၅၀ ဦးကို ရုရှ ကာကွယ်ရေး ဝန်ကြီးဌာနက ထုတ်ပယ်လိုက်သည်ဟု သတင်းတစ်ရပ်တွင် ဖော်ပြထားသည်။

ဘောလ်တစ် ရေယာဉ်စုမှ ထိပ်တန်းခေါင်းဆောင်များဖြစ်သော ရေတပ်ဗိုလ်ချုပ်ကြီး ဗစ်တာ ခရာချက် နှင့် အရာရှိချုပ် ဆာဂျီ ပိုပေါ့ဗ် တို့ နှစ်ဦးအပါအဝင် အခြား အရာရှိ ၅၀ ကို ထုတ်ပယ်လိုက်ကြောင်း ကာကွယ်ရေးဝန်ကြီး ဆာဂျီ ရှိုးဂူက လက်မှတ်ထိုး ထုတ်ပြန်လိုက်သည်။

အဆိုပါ ရေယာဉ်စုကို ရုရှစစ်ဘက်အကြီးအကဲများက တစ်လကြာ သွားရောက်စစ်ဆေးမှုများလုပ်ဆောင်ခဲ့ပြီးနောက် စစ်ဘက်တာဝန်လစ်ဟင်းမှု၊ လေ့ကျင့်ရေးအစီအစဉ်များအတွင်း   လျော့ရဲမှုများဖြစ်ပေါ်နေခြင်း နှင့် ရေယာဉ်စု၏ အခြေအနေမှန်နှင့်ပတ်သက်၍ သတင်းမှားများ ထုတ်ပြန်ခဲ့မှုတို့ကို စစ်ဆေးတွေ့ရှိခဲ့သည်ဟု သိရသည်။ ယင်းနောက်ပိုင်း ရေယာဉ်စု၏ တာဝန်ရှိ အရာရှိများကို ရာထူးမှ ထုတ်ပယ်ရန် အမိန့်ထုတ်ပြန်လိုက်ခြင်းဖြစ်ကြောင်း သိရသည်။

" ဒီဘောလ်တစ် ရေတပ်သင်္ဘောစုမှာ တာဝန်ထမ်းဆောင်နေကြတဲ့ အရာရှိတွေ ရဲ့လုပ်ဆောင်ချက်တွေမှာ ပြစ်ချက်တွေ ရှိနေခဲ့တယ်လို့ ကာကွယ်ရေး ဝန်ကြီးနဲ့ အကြီးအကဲတွေက ဆုံးဖြတ်ခဲ့ပါတယ်၊ တစ်လကြာ သွားရောက်စစ်ဆေးမှုတွေနောက်ပိုင်းမှာတော့ သူတို့ဆီမှာ လေ့ကျင့်ရေးအစီအစဉ်တွေမှာ လစ်ဟာမှုတွေ ရှိနေတာရော၊ နောက်ပြီး အခြေအနေတွေကို တင်ပြဖို့ပျက်ကွက် ခဲ့တာကိုရော တွေ့ရှိခဲ့ရပါတယ်၊ ဒါကြောင့် ခုလို အရာရှိတွေကို ထုတ်ပယ်ခဲ့တာပါ" ဟု ရုရှ ကာကွယ်ရေး ဝန်ကြီးဌာနက ထုတ်ပြန်ပြောကြားသည်။

ယခုထုတ်ပယ်ခံရသူတစ်ဦးဖြစ်သည့် တပ်မှူး ရေတပ်ဗိုလ်ချုပ်ကြီး ခရာချက်၏ နေရာတွင် ယခင် ယူကရိန်း ရေတပ်ဗိုလ်ချုပ်ကြီးဟောင်း ဆာဂျီ ယယ်လီဆေယက်ဗ် က အစားထိုး တာဝန်ယူသွားမည်ဖြစ်သည်။ ယယ်လီဆေယက်ဗ်မှာ ၂၀၁၄ ခရိုင်းမီးယား ဖြစ်စဉ်နောက်ပိုင်း ရုရှ စစ်တပ်နှင့်လာရောက်ပူးပေါင်းနေခဲသူဖြစ်ကြောင်း သိရသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly