ဗြိတိန်ဝန်ကြီးချုပ်ရာထူးအတွက် ၀င်ရောက်အရွေးချယ်ခံသွားမည်မဟုတ်ဟု လန်ဒန် မြို့တော်ဝန်ဟောင်း ဘောရစ်ဂျွန်ဆင် ပြော

ဗြိတိန်ဝန်ကြီးချုပ်ရာထူးအတွက် ၀င်ရောက်အရွေးချယ်ခံသွားမည်မဟုတ်ဟု လန်ဒန် မြို့တော်ဝန်ဟောင်း ဘောရစ်ဂျွန်ဆင် ပြော

ဇူလိုင် ၁ ။             ။ အီးယူမှ ခွဲထွက်ရန် မဲပေးဆုံးဖြတ်ထားခဲ့သည့် ဗြိတိန်နိုင်ငံ၏ ဝန်ကြီးချုပ်နေရာအတွက် ပါဝင်ယှဉ်ပြိုင်သွားမည်မဟုတ်ကြောင်း Brexit ကမ်ပိန်းကို ဦးဆောင်ခဲ့သည့် ဘောရစ် ဂျွန်ဆင်က ပြောကြားသွားခဲ့သည်။ Brexit နောက်ပိုင်း ရာထူးမှ နှုတ်ထွက်တော့မည်ဟု ကြေညာသွားခဲ့သည့် ဝန်ကြီးချုပ် ဒေးဗစ် ကင်မရွန်း နေရာကို ဆက်ခံရန် လန်ဒန်မြို့တော်ဝန်ဟောင်း ဖြစ်သူ ဂျွန်ဆင်က ရေပန်းအစားဆုံးဖြစ်ခဲ့သည်။

ဝန်ကြီးချုပ် ဒေးဗစ်ကင်မရွန်းနေရာတွင် အစားထိုးတာဝန်ယူရေးအတွက် အာဏာရ ကွန်ဆာတေးဗစ်ပါတီတွင်း ဝန်ကြီးချုပ်သစ် ရွေးချယ်မှုများကို လုပ်ဆောင်သွားရမည်ဖြစ်သည်။ Brexit နောက်ပိုင်း နိုင်ငံကို ဦးဆောင်သွားမည်ဟု ဘောရစ် ဂျွန်ဆင်အား အများက ထင်ကြေးပေးထားခဲ့သော်လည်း ၎င်း၏ ယခု ကြေညာချက်ကြောင့် အီးယူမှ ခွဲထွက်ရေးကိစ္စရပ်များကို မည်သူက မည်ကဲ့သို့ ဦးဆောင်သွားမည်နှင့်ပတ်သက်၍ နိုင်ငံတွင် မသေချာမရေရာမှုများ ဖြစ်ပေါ်စေခဲ့သည်။

ယခုအခါတွင်မူ ဒေးဗစ်ကင်မရွန်းနေရာကို ဆက်ခံမည့် ဝန်ကြီးချုပ်သစ်အဖြစ် ပြည်ထဲရေး ဝန်ကြီး သရီဇာမေ က ရေပန်းစားနေပြီဖြစ်ကြောင်း သိရသည်။ သရီဇာသည် အီးယူအဖွဲ့အတွင်း ဆက်နေရေးဘက်ကို ထောက်ခံခဲ့သူဖြစ်သော်လည်း ယခုရလဒ်နောက်ပိုင်း နိုင်ငံသားတို့၏ ဆန္ဒကို လေးစားလိုက်နာရမည်ဟု ပြောကြားထားသူဖြစ်သည်။

ဇွန်လ ၂၃ ဆန္ဒခံယူပွဲ ရလဒ်ကြောင့် နိုင်ငံတွင် နိုင်ငံရေးမတည်မငြိမ်ဖြစ်မှုများကို ဦးတည်ပေါ်ပေါက်စေခဲ့ပြီး အနာဂတ်စီးပွားရေး အလားအလာများနှင့်ပတ်သက်၍လည်း သတိပေးချက်များ ထွက်ပေါ်လာခဲ့ရသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly