သိမ်းဆည်းခံရမြေများ ပြန်လည်ရရှိရေး ဇီးပင်ကြီးကျေးရွာ ဒေသခံ ၁၀၀၀ ခန့် ပြင်ဦးလွင်မြို့ပေါ်တက် ဆန္ဒထုတ်ဖော်

သိမ်းဆည်းခံရမြေများ ပြန်လည်ရရှိရေး ဇီးပင်ကြီးကျေးရွာ ဒေသခံ ၁၀၀၀ ခန့် ပြင်ဦးလွင်မြို့ပေါ်တက် ဆန္ဒထုတ်ဖော်

မန္တလေးတိုင်းဒေသကြီး၊ ပြင်ဦးလွင်မြို့နယ်၊ ဇီးပင်ကြီးကျေးရွာရှိ လယ်ယာမြေများကို အထက်မြန်မာပြည်၊ ဗဟိုမီးသတ်သင်တန်းကျောင်း၊ ဗဟိုဝန်ထမ်းတက္ကသိုလ်၊ ရဲအရာရှိသင်တန်းကျောင်း တည်ဆောက်ရန် သိမ်းဆည်းထားသော လယ်ယာမြေများအနက် ပိုလျှံမြေများ ပြန်လည်စွန့်လွှတ်ပေးရန် ဇူလိုင် ၁ရက်၊ နံနက် ၉ နာရီ ၃၀ မိနစ်တွင် ဒေသခံ လူဦးရေ ၁၀၀၀ ခန့် ပြင်ဦးလွင်မြို့ပေါ်တက်၍ ဆန္ဒဖော်ထုတ်တောင်းဆိုလျှက်ရှိသည်။

အဆိုပါကျောင်းများ တည်ဆောက်ရန်အတွက် ၁၉၉၅ခုနှစ်တွင် ဇီးပင်ကြီးကျေးရွာမှ လယ်ယာမြေဧက ၃၀၀၀ ကျော်ကို လျှော်ကြေးများမပေးဘဲ သိမ်းယူခဲ့ခြင်းဖြစ်သည်ဟု ဆန္ဒဖော်ထုတ်သူများကဆိုသည်။

ဗဟိုမီးသတ်သင်တန်းကျောင်းမှ ဧရိယာ၈၅၅ ဧက၊ဗဟိုဝန်ထမ်းတက္ကသိုလ်မှ ဧရိယာ ၁၀၆၁ ဧက နှင့် ရဲအရာရှိ လေ့ကျင့်ရေးကျောင်းအတွက် ဧရိယာ၉၀၀ဧက ဟု သတ်မှတ်ပြီး သိမ်းထားခဲ့သော်လည်း အမှန်တစ်ကယ် ကျောင်းတစ်ကျောင်းသုံးထားသည့်မြေ ဧရိယာမှာ တစ်ကျောင်းစီတွင် ဧက ၃၀၀ သာအသုံးပြု ထားသည် ဟုလည်း ဆန္ဒဖော်ထုတ်သူများကဆိုသည်။

ဆန္ဒဖော်ထုတ်သူများသည် ဇီးပင်ကြီးကျေးရွာမှပေပင်ကျေးရွာအထိ ၎င်း ထိုမှ မန္တ္တလေး၊ လားရှိုးလမ်းမှ ညံတောဘောလုံးကွင်းအထိ၎င်း ထိုမှတဆင့် မြို့ပတ်လမ်းအတိုင်း ရပ်ကွက်ကြီး ၆ ၊ ထိုမှ ရုံးပေါင်းစုံအထိ ချီတက်ခဲ့ကြပြီး ဇီးပင်ကြီးကျေးရွာမြေဟာ ဘယ်သူ့မြေလဲ ၊(ငါတို့မြေ)၊ ဥပဒေမဲ့စွာ သိမ်းဆည်းခဲ့သော လယ်ယာမြေများ ပြန်လည်ရရှိရေး(ဒို့အရေး)၊ ပိုလျှံမြေများ ပြန်လည်ရရှိရေး (ဒို့အရေး)၊ ဥပဒေမဲ့ လုပ်ရပ်များ (ချက်ခြင်းရပ်)စသည့်ဖြင့် ကြွေးကြော်ခဲ့ကြသည်။

"ကျွန်တော်တို့ ဥပဒေဘောင်ထဲကနေ အကြိမ်ကြိမ်စာတင်ပြီးတောင်းတယ်။ ဒီနေ့အချိန်ထိ မရဘူး။ ဒါကြောင့် မြို့ပေါ်တက်ပြီး အခုလိုတောင်းဆိုတာပဲ။ မရမချင်းလည်းတောင်းဆိုသွားမှာပါ "ဟု ဆန္ဒပြရာတွင်ပါဝင်သည့် ဦးသောင်းရွှေ ကပြောသည်။

အဆိုပါမြေများ ပြန်လည်ရရှိစေရန်အတွက် ၂၀၁၁ခုနှစ်မှစတင်၍ ၂၀၁၆ခုနှစ်မှ ဇွန်လအထိ သက်ဆိုင်ရာဝန်ကြီးဌာန အသီးသီးသို့ စာတင်၍ တောင်းဆိုခဲ့သော်လည်း ယနေ့အချိန်အထိ တစ်စုံတစ်ရာ အကြောင်းပြန်ကြားခဲ့ခြင်း မရှိသောကြောင့် ဆန္ဒဖော်ထုတ်တောင်းဆိုခြင်းဖြစ်သည်ဟု ဆန္ဒဖော်ထုတ်ပွဲတွင် ပါဝင်သူ ဦးအေးသိန်းကဆိုသည်။

ဆန္ဒဖော်ထုတ်စဉ်မှ ၁၅ ရက်အတွင်း အကြောင်းတစ်စုံတစ်ရာ မထူးခြားပါက ဆန္ဒဖော်ထုတ်ပွဲသို့ ပါဝင်သည့်သူများသည် မန္တလေးမြို့ပေါ်တက်၍ ထပ်မံဆန္ဒဖော်ထုတ် တောင်းဆိုသွားမည်ဟု ဆိုကြသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly