ဗြိတိန်မှ တရုတ်ထံသို့ ပြန်လည်လွှဲပြောင်းပေးခဲ့သည့် နှစ်ပတ်လည်နေ့အထိမ်းအမှတ်အဖြစ် ဟောင်ကောင်တွင် လူထောင်ပေါင်းများစွာ ချီတက်ဆန္ဒပြ

ဗြိတိန်မှ တရုတ်ထံသို့ ပြန်လည်လွှဲပြောင်းပေးခဲ့သည့် နှစ်ပတ်လည်နေ့အထိမ်းအမှတ်အဖြစ် ဟောင်ကောင်တွင် လူထောင်ပေါင်းများစွာ ချီတက်ဆန္ဒပြ

ဇူလိုင် ၁ ။            ။ ဗြိတိန်လက်အောက်ခံအဖြစ်မှ တရုတ်ထံသို့ ပြန်လည်လွှဲပြောင်းပေးခဲ့သည့် နှစ်ပတ်လည်နေ့အထိမ်းအမှတ်အဖြစ် ဟောင်ကောင်တွင် လူထောင်ပေါင်းများစွာတို့ ချီတက်ဆန္ဒပြရန် စီစဉ်နေသည်ဟု သတင်းတစ်ရပ်တွင် ဖော်ပြထားသည်။

၁၉၉၇ ခုနှစ် ဇူလိုင် ၁ ရက်က ဗြိတိသျှ ကိုလိုနီလက်အောက်မှ ဟောင်ကောင်ဒေသ၏ အချုပ်အချာအာဏာကို တရုတ်ထံသို့ ပြန်လည်လွှဲပြောင်းပေးခဲ့ခြင်းဖြစ်ကာ ယနေ့လိုမျိုး ဇူလိုင် ၁ ရက်ကျရောက်တိုင်း အဆိုပါ ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရ ဟောင်ကောင်ဒေသရှိ အမျိုးမျိုးသော  အဖွဲ့အစည်းများက ၎င်းတို့၏ မကျေနပ်ချက်များကို ထုတ်ဖော်လေ့ရှိသည်။

ယခုနှစ်တွင်မူ ချီတက်ဆန္ဒပြသူများက ဒေသခေါင်းဆောင် လောင်ချွန်ယင် နှုတ်ထွက်ရေးကို ဦးစားပေးတောင်းဆိုသွားမည်ဟု သိရသည်။

အလားတူ ပြီးခဲ့သည့် ကာလအနည်းငယ်အတွင်းမှာလည်း ဟောင်ကောင်မှ စာအုပ်ရောင်းချသူတစ်ဦးကို တရုတ်ပြည်မကြီးတွင် လပေါင်းများစွာကြာ ထိန်းသိမ်းစစ်ဆေးပြီးမှ လွတ်မြောက်လာသည့်   ဖြစ်စဉ်ကြောင့်လည်း တင်းမာမှုများ တိုးမြင့်လာနေခဲ့သည်။

အသက် ၆၁ နှစ်ရှိ ဟောင်ကောင်စာအုပ်ဆိုင် မန်နေဂျာတစ်ဦးဖြစ်သော လမ်ဝင်ကီ သည် တရုတ်အာဏာပိုင်တို့အကြောင်း ပြစ်တင်ရေးသားခဲ့မှုများကြောင့် ပြီးခဲ့သည့်နှစ်အတွင်းက   ပျောက်ဆုံးသွားခဲ့ပြီး နောက်ပိုင်းအကြာမှ ပြန်ပေါ်လာခဲ့သူဖြစ်သည်။ ဇူလိုင် ၁ ရက်နေ့ ချီတက်ဆန္ဒုပြပွဲတွင် ၎င်း ဦးဆောင်သွားမည်ဟု သိရသည်။

" ဒီနေ့ဆန္ဒပြပွဲမှာ လူပေါင်း ၁၀၀,၀၀၀ လောက် ပါဝင်တက်ရောက်လာမယ့်လို့ ထင်ပါတယ်၊ တော်တော်များများကလည်း လက်ရှိ ဒေသအကြီးအကဲကို မကြိုက်ကြတော့ပါဘူး၊ တရုတ်အစိုးရရဲ့ လက်ကိုင်တုတ်လို့ပဲ မြင်လာနေကြပါတယ်" ဟု စီစဉ်သူတစ်ဦးဖြစ်သည့် ဂျက်ကီဟောင်က ပြောသွားသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly