အိုက်စလန်ကို ရှုံးပြီး နာမည်ကြီး အင်္ဂလန် ယူရိုပြိုင်ပွဲကို နှုတ်ဆက်

အိုက်စလန်ကို ရှုံးပြီး နာမည်ကြီး အင်္ဂလန် ယူရိုပြိုင်ပွဲကို နှုတ်ဆက်
(ဓာတ်ပုံ - ယူရို ၂၀၁၆)

ယူရို-၂၀၁၆ (၁၆) သင်းဆင့် ရှုံးထွက်ပွဲစဉ်တွေရဲ့ နောက်ဆုံးပွဲအဖြစ် နာမည်ကြီး အင်္ဂလန်နဲ့ အသင်းငယ် အိုက်စလန်အသင်းတို့ ယှဉ်ပြိုင်ကစားခဲ့ရာမှာ အင်္ဂလန်အသင်းက အိုက်စလန်ကို စိတ်ပျက်ဖွယ် ခြေစွမ်းနဲ့ ရှုံးနိမ့်ပြီး ပြိုင်ပွဲက ထွက်ခွာခဲ့ရပါတယ်။

ပထမပိုင်း ပွဲအစ(၄)မိနစ်မှာပဲ  အင်္ဂလန်အသင်းရဲ့ အသင်းခေါင်းဆောင် ရွန်နီက ပယ်နယ်တီကတစ်ဆင့် ဦးဆောင်ဂိုး သွင်းနိုင်ခဲ့ပေမယ့် ချက်ချင်းဆိုသလို အိုက်စလန်အသင်းက တစ်မိနစ်အတွင်းမှာပဲ နောက်ခံလူ ဆီဂတ်ဒ်ဆန်ရဲ့ ခေါင်းတိုက်ဂိုးနဲ့ ပြန်လည် ချေပခဲ့ပါတယ်။ ဒါကတော့ အိုင်စလန်တို့ရဲ့ အမှတ်အသားဖြစ်တဲ့ လက်ပစ်ဘောကနေတစ်ဆင့် ဂိုးရခဲ့တာဖြစ်ပါတယ်။

အင်္ဂလန်ရဲ့ ကစားပုံ စွမ်းဆောင်မှု ညံ့ဖျင်းခဲ့မှုကြောင့် အိုက်စလန်တို့ ပွဲချိန် (၁၈)မိနစ်မှာ တိုက်စစ်မှူး ဆီဘော်ဆန်က ပယ်နယ်တီ ဧရိယာထိပ်ကနေ ကန်သွင်းတာကို ဂိုးသမား ဂျိုးဟပ်ရဲ့ ဆိုးရွားတဲ့ အမှားကြောင့် ဂိုးပေးလိုက်ရတာဖြစ်ပါတယ်။

ဒုတိယပိုင်းမှာ ဗာဒီ၊ ဝဲလ်ရှိုင်းယား၊ ရပ်ရှ်ဖို့ဒ်တို့ကို ထည့်ကစားစေပြီး ချေပဂိုး ရဖို့ ကြိုးစားခဲ့ပေမယ့် အင်္ဂလန်ရဲ့ ခြေစွမ်းဟာ တက်မလာပဲ ဂိုးထပ်မရဘဲ ဖြစ်ခဲ့တာကြောင့် အိုက်စလန်ကို (၂-၁) ဂိုးနဲ့ ရှုံးနိမ့်ခဲ့ပါတယ်။

ဒီအပွဲအပြီးမှာပဲ အင်္ဂလန်အသင်း မန်နေဂျာ ဟော့ဒ်ဆန်လည်း ရာထူးက နှုတ်ထွက်သွားပါတယ်။

အင်္ဂလန်အသင်းဟာ ၂၀၀၆ ကမ္ဘာ့ဖလားပြိုင်ပွဲမှာ အီကွေဒေါကို တစ်ဂိုးနဲ့ အနိုင်ရတဲ့နောက်ပိုင်း ရှုံးထွက်အဆင့်မှာ နိုင်ပွဲမရရှိနိုင်တာဖြစ်ပါတယ်။

အိုက်စလန်အသင်းဟာ ကွာတားဖိုင်နယ်မှာ အိမ်ရှင် ပြင်သစ်အသင်းနဲ့ တွေ့ဆုံမှာဖြစ်ပါတယ်။

ပွဲပြီးရလဒ်

အိုက်စလန် ၂-၁ အင်္ဂလန်

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly