မြေယာအငြင်းပွားမှု တရားခွင်သို့ ဒေသခံ ၄၀၀ ခန့် လာရောက်

မြေယာအငြင်းပွားမှု တရားခွင်သို့ ဒေသခံ ၄၀၀ ခန့် လာရောက်
(ဓာတ်ပုံ - ကျော်မင်း/မဇ္ဈိမ)

စစ်တွေ၊ ဇွန် ၂၇ ရက် ။             ။ ပုဏ္ဏားကျွန်းမြို့နယ် ယိုးတရုပ်ကျေးရွာတွင် တိုက်နယ်ဆေးရုံဝန်ထမ်း အိမ်ရာဆောက်လုပ်မည့် မြေနေရာနှင့် ပတ်သက်ပြီး ပိုင်ဆိုင်ခွင့် အငြင်းပွားမှု တရားစွဲဆိုထားမှုကို ဇွန်လ ၂၇ ရက်က ပုဏ္ဏားကျွန်းမြို့နယ် တရားရုံးတွင် ရုံးတင် စစ်ဆေးခဲ့ရာ ယိုးတရုတ်ကျေးရွာသား ၄၀၀ ခန့်က လာရောက် ကြည့်ရှုခဲ့သည်။

အငြင်းပွားမှု ဖြစ်နေသည့် မြေမှာ ပုဏ္ဏားကျွန်းမြို့နယ် ယိုးတရုတ်ကျေးရွာအလယ်တွင် တည်ရှိပြီး ဧကအားဖြင့် ၁. ၆၀ ရှိသည်။

တရားစွဲဆိုသူမှာ ဦးရွှေကျော် ဖြစ်ပြီး ဇွန်လ ၆ ရက်နေ့က ယခု လက်ဝယ်ပိုင်ဆိုင်သူဖြစ်သော ဦးမိုးသီးကို ပိုင်နက်ကျူးကျော်မှု ပုဒ်မ ၄၇၅ ဖြင့် တရားစွဲဆိုခဲ့ခြင်း ဖြစ်သည်။

တရားစွဲဆိုခံရသူ ဦးမိုးသီးမှာ ဆေးရုံဝန်ထမ်းအိမ်ရာ ဆောက်လုပ်ရာတွင် ပါဝင်သည့် ကော်မတီဝင်တစ်ဦးလည်း ဖြစ်သည်။

"ရခိုင်ပြည်နယ် အစိုးရအဖွဲ့ ဒုဦးစီးမှူး ဦးအောင်မြတ်မိုးရဲ့ ပြောကြားချက် အရ လျှောက်ထားသူက ဘယ်လိုပဲ လျှောက်လျှောက် လယ်ယာမြေနဲ့ လျှောက်ထားတာကြောင့် အဲဒီမြေရဲ့ ကာလတန်ဖိုးကိုပဲ ရပ်မိရပ်ဖ၊ အုပ်ချူပ်ရေးမှူးတွေက ဆုံးဖြတ်ဖို့ ညွှန်ကြားထားပြီးသားပါ။ ဒါကိုလည်း ပိုင်ဆိုင်သူ အစစ်ကို ရှာဖွေပြီး ပေးတဲ့အခါ မကျေနပ်ဘူးဆိုရင် တရားရုံးက ငွေကိစ္စနဲ့ပဲ ရှင်းပြီး ဒီမြေကို ဆေးရုံမြေအဖြစ် ပေးအပ်ဖို့ ပုဏ္ဏားကျွန်းမြို့နယ် အုပ်ချူပ်ရေးမှူးကို နုတ်မိန့် ပေးထားပြီး ဖြစ်ပါတယ်။" ဟု ယိုးတရုတ်ကျေးရွာ အုပ်ချူပ်ရေးမှူး ဦးဝင်းမောင်က မဇ္ဈိမကို ပြောသည်။

မြေယာပိုင်ဆိုင်မှု အငြင်းပွားမှု ဖြစ်နေသည်မှာ တစ်နှစ်ကျော် ကြာမြင့်နေပြီ ဖြစ်ပြီး (သက်ဆိုင်ရာဌာနတွေက) ညှိနှိုင်းမှုများ ပြုလုပ်ခဲ့သော်လည်း တရားစွဲဆိုသူ၏ ဘိုးဘွားပိုင်မြေအတွက် ထိုက်တန်သည့် လျော်ကြေးငွေကို ရရှိရန် တောင်းခံခဲ့သော်လည်း မရရှိခဲ့သောကြောင့် ယခုလို တရားစွဲရခြင်း ဖြစ်ကြောင်း ဦးရွှေကျော်က ပြောသည်။

"နှစ်ပေါင်း လေးဆယ်လောက်ကတည်းက ဒါဟာ ကျနော့် ကိုယ်ပိုင်မြေဖြစ်တယ်။ အစိုးရကို အခွန်ဆောင်ထားတဲ့ အထောက်အထားတွေ၊ စာချူပ်စာတမ်းတွေလည်း ရှိပါတယ်။ ဒီမြေကို ကျနော် ပြန်ရအောင် ကြိုးစားသွားမှာပါ"

မြေယာအငြင်းပွားမှုနှင့် ပတ်သက်ပြီး စွဲဆိုခံရသူဘက်မှ အမှုကို လာရောက် နားထောင်သူ အရေအတွက် များပြားလွန်းသဖြင့် တရားရုံးက လာမည့် ဇူလိုင် ၄ ရက်နေ့တွင် စစ်ဆေးရန် အမှုကို ရွေ့ဆိုင်းခဲ့သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly