တောင်ကိုရီးယား အမျိုးသားအဆိုတော်အဖွဲ့ BIGBANG သည် မကြာသေးမီက ၂၀၁၆ ခုနှစ် အီတလီ အမ်တီဗီဆုပေးပွဲမှ ချီးမြှင့်သော ဆုကို ဆွတ်ခူးခဲ့သည့် တစ်ခုတည်းသော ကိုရီးယား အနုပညာရှင်အဖွဲ့ ဖြစ်သည်။
BIGBANG အဖွဲ့သည် အီတလီအမ်တီဗီဆုပေးပွဲတွင် “Best Artist From the World” ဆုကို ဆွတ်ခူးခဲ့သည်။ အခမ်းအနားကို ဇွန် ၁၉ ရက်က အီတလီနိုင်ငံ ဖလော်ရက်စ်မြို့တွင် ကျင်းပပြုလုပ်ခဲ့သည်။
BIGBANG အဖွဲ့သည် အီတလီတေးဂီတ အဖွဲ့များဖြစ်သော Negramaro နှင့် The Kolors ၊ နာမည်ကျော် အဆိုတော် အေဗရာလာဗင်း၊ ဂျက်စတင်ဘီဘာနှင့် အခြားသော နာမည်ကြီးအဆိုတော်များကို ကျော်လွန်ကာ အဆိုပါဆုကို ရရှိခဲ့ခြင်း ဖြစ်သည်။
အဖွဲ့ခေါင်းဆောင် G-Dragonက ယခုကဲ့သို့ ဆုကို ဆွတ်ခူးခဲ့သည့်အတွက် ကျေးဇူးတင်ပါ ကြောင်း အင်စတာဂရမ်တွင် ဓာတ်ပုံနှင့်အတူ တင်ခဲ့သည်။ BIGBANG အဖွဲ့၏ “BIGBANG MADE” ရုပ်ရှင်ကို မကြာမီ ကျရောက်မည့် ၎င်းတို့၏ အနုပညာသက်တမ်း ဆယ်နှစ်ပြည့်ကို ဂုဏ်ပြု သည့်အနေဖြင့် ဇွန် ၃၀ ရက်တွင် ထွက်ရှိရန် စီစဉ်လျက်ရှိသည်။