ပေါ့ဂ်ဘာ အပြောင်းအရွှေ့အတွက် ရီးယဲလ်နှင့် ညှိုနှိုင်းမှုများ စတင်နေ

ပေါ့ဂ်ဘာ အပြောင်းအရွှေ့အတွက် ရီးယဲလ်နှင့် ညှိုနှိုင်းမှုများ စတင်နေ

ဇွန် ၂၀၊ ရန်ကုန်။               ။ ဂျုဗင်တပ်အသင်းမှ ပြင်သစ်လက်ရွေးစင်ကွင်းလယ်ကစားသမား ပေါ့ဂ်ဘာအပြောင်းအရွှေ့အတွက် ရီးယဲလ်မက်ဒရစ်အသင်းနှင့် ညှိုနှိုင်းမှုများစတင်ပြုလုပ်နေပြီဟု ကစားသမားအေးဂျင့် ရီယိုလာကပြောသည်။

အသက် ၂၃နှစ်အရွယ် တိုက်စစ်အားသန်ကစားသမားကို ဘာစီလိုနာ၊ ချယ်လ်ဆီးနှင့် မန်စီးတီးအသင်းများက ခေါ်ယူရန် စိတ်ဝင်စားနေသော်လည်း ရီးယဲလ်က လက်ဦးမှုရယူကာ ခေါ်ယူနိုင်ရန် ကြိုးပမ်းနေခြင်းဖြစ်သည်။

ပေါ့ဂ်ဘာ၏အေးဂျင့် ရီယိုလာက ပေါ့ဂ်ဘာ ရီးယဲလ်သို့ပြောင်းရွှေ့လိုနေခြင်းမှာ ပြင်သစ်ဂန္တဝင်ကစားသမား ဇီဒန်းနှင့်လည်းသက်ဆိုင်နေသည်ဟု ပြောသည်။ ကျွန်တော်တို့ ပထမခြေလှမ်းကိုစတင်နေပါပြီ။ ပေါ့ဂ်ဘာရဲ့အဆုံးအဖြတ်က ဇီဒန်းနဲ့အများကြီးသက်ဆိုင်နေပါတယ်။ တန်ကြေးက ယူရို ၁၄၀ လား၊ ၁၂၀ လား။ သူကတော့ ပေးရတဲ့ကြေးနဲ့တန်အောင် ကစားနိုင်ပါတယ်။ ဟု ရီယိုလာကပြောသည်။

ပေါ့ဂ်ဘာမှာ မန်ယူမှ ဂျုဗင်တပ်အသင်းသို့ ၂၀၁၂ ဘောလုံးရာသီတွင် ပြောင်းရွှေ့ခဲ့ပြီး အသင်းအတွက် ၁၂၄ပွဲကစားထားကာ ၂၈ဂိုးသွင်းယူထားနိုင်သည်။

Ref: goal.com

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly