စတုတ္တအကြိမ်မြောက် လူ့အခွင့်အရေးလူ့ ဂုဏ်သိက္ခာရုပ်ရှင်ဆုပေးပွဲကျင်းပခဲ့

စတုတ္တအကြိမ်မြောက် လူ့အခွင့်အရေးလူ့ ဂုဏ်သိက္ခာရုပ်ရှင်ဆုပေးပွဲကျင်းပခဲ့

ရန်ကုန်၊ ဇွန် ၁၉ ။         ။ စတုတ္တအကြိမ်မြောက် လူ့အခွင့်အရေး လူ့ဂုဏ်သိက္ခာရုပ်ရှင်ဆုပေးပွဲကို ဇွန်လ ၁၉ ရက်က ရန်ကုန်မြို့၊ ဆူးလေ ရှန်ဂရီလာဟိုတယ်မှာ ညနေ ၅ နာရီက ကျင်းပပြုလုပ်ခဲ့ပါတယ်။

ဒီပွဲမှာတော့ ပြည်တွင်း၊ ပြည်ပ ရုပ်ရှင်ကားပေါင်း ၆၈ ကားဝင်ရောက်ယှဉ်ပြိုင်ခဲ့တာဖြစ်ပြီး ရုပ်ရှင်၊ ဇာတ်လမ်းတို ၉ ကားကို ရွေးချယ်ဆုချီးမြှင့်ခဲ့ပါတယ်။

ဆုများကို ရွေးချယ်ပေးအပ်ခဲ့ရာမှာတော့ ဒေါ်အောင်ဆန်းစုကြည်(ပြည်ပဆု)ကို ဒါရိုက်တာ Zhao Laing ရိုက်ကူးထားတဲ့ Behemoth ဇာတ်ကားကရရှိခဲ့ပြီး၊ ဒေါ်အောင်ဆန်းစုကြည် (ပြည်တွင်းဆု)ကိုတော့ ဒါရိုက်တာ ကိုဂျက်၊ ထက်အောင်စံနဲ့ဖြိုးဇေယျာကျော်တို့ရိုက်ကူးထားတဲ့  မှော် ဇာတ်ကား၊ မင်းကိုနိုင်ဆုကိုတော့ ဒါရိုက်တာ နေမင်းတင်ရိုက်ကူးထားတဲ့ မျက်နှာဖုံး ဇာတ်ကား၊ March 13 ဆု ကိုတော့ ဒါရိုက်တာ ဉာဏ်ကျယ်စေ ဖန်တီးထားသော ကျွန်မ မလိုချင်တဲ့ ကျွန်မဘဝ အန်နီမေးရှင်းဇာတ်ကား၊ Vaclav Havel Library ဆု ကိုတော့ ဒါရိုက်တာ စိုင်းကောင်ခမ်း၊ လမင်းဦးတို့ ရိုက်ကူး ထားသော အေးချမ်းသောမြေ ဇာတ်ကား၊ VOA ဆု ကိုတော့ ဒါရိုက်တာ နွေဇာခြည်စိုး ရိုက်ကူးထားတဲ့ Lovely Bone ဇာတ်ကား၊ Peter Wintonick ဆု ကိုတော့ ဒါရိုက်တာ မေရီ၊ ပြည်သျှိုင်းကို၊ မင်းသီဟ တို့ရိုက်ကူးထားတဲ့ Missing Footprintဇာတ်ကား၊ Gender Equality ဆု ကိုတော့ ဒါရိုက်တာ မေရီနဲ့ရူပါမိုမို ရိုက်ကူးထားတဲ့  သေနတ်တစ်လက်နဲ့မိန်းမ ဇာတ်ကားနှင့် ဟံသာဝတီဦးဝင်းတင်ဆုကိုတော့  မှော် ဇာတ်ကားကပဲ ထပ်မံရရှိသွားပါတယ်။

"ဒီနှစ်ဆုထပ်ရတဲ့အတွက် အရမ်းဝမ်းသာပါတယ်။ ဒီဇာတ်ကားကို ပရိသတ်တွေကြည့်ကတည်းက ကြိုက်တယ်ဆိုတာ သိရတဲ့အတွက် အများကြီးဝမ်းသာပါတယ်။ ဒီဇာတ်ကားကို ၉ လလောက်အချိန်ယူခဲ့ ရပါတယ်။ ဇာတ်ကားဖြစ်လာအောင် အလှူခဲ့ရတာတွေလည်း ရှိပါတယ်။ အဲဒီအတွက် အကုန်လုံး ဇာတ်ကားလေးထဲကလို ကူညီဖေးမသူတွေ များလာပါစေလို့ ပြောချင်ပါတယ်။" လို့ အန်နီမေးရှင်း ဆုရရှိ ခဲ့သူ ဒါရိုက်တာ ဉာဏ်ကျယ်စေက မဇ္ဈိမကို ပြောပါတယ်။

လူ့အခွင့်အရေးလူ့ဂုဏ်သိက္ခာရုပ်ရှင်ပွဲတော်ကို ၂၀၁၃ ခုနှစ်ကတည်းက စတင်ပြသ၊ ဆုပေးခဲ့တာ ဖြစ်ပြီး၊ ဒီနှစ် ထူးခြားမှုအနေဖြင့် ဒါရိုက်တာ Sabine Derflinger ရိုက်ကူးထားတဲ့ Twilight Over Burma ဇာတ်ကားဟာ ဆင်ဆာပိတ်ခံရခဲ့တာကြောင့် လူ့အခွင့်အရေး ချိုးဖောက်ခံရကြောင်း ဝေဖန်မှုများ ရှိနေကြတာပဲ ဖြစ်ပါတယ်။

ဒီပွဲကိုတော့ နိုင်ငံတကာလူ့အခွင့်အရေးရုပ်ရှင် ကျင်းပရေးတာဝန်ရှိသူတွေ၊ နိုင်ငံရေးနယ်ပယ်အသီးသီးမှ ပုဂိုလ်တွေနဲ့ လူ့အခွင့်အရေးကို စိတ်ပါဝင်စားသူတွေ တက်ရောက်ခဲ့ကြပါတယ်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly