၂၁ရာစု ပင်လုံညီလာခံတက်ရန် နှင့် အစိုးရ နှင့်တွေ့ဆုံရန် ဝ၊ မိုင်းလားအဖွဲ့များကို ဖိတ်ခေါ်ခဲ့

၂၁ရာစု ပင်လုံညီလာခံတက်ရန် နှင့် အစိုးရ နှင့်တွေ့ဆုံရန် ဝ၊ မိုင်းလားအဖွဲ့များကို ဖိတ်ခေါ်ခဲ့

ချင်းမိုင်၊ ဇွန် ၂၀ ။                   ။ ပြည်ထောင်စု ငြိမ်းချမ်းရေး-၂၁ ရာစုပင်လုံ အကြိုပြင်ဆင်ရေးကော်မတီသည် ဝ ပြည်သွေးစည်းညီညွတ်ရေးတပ်(UWSA)နှင့် မိုင်းလား (NDAA)အဖွဲ့များက ၂၁ ရာစုပင်လုံ ညီလာခံ တက်ရောက်ရန် ဖိတ်ခေါ်ခဲ့သည်ဟု သိရသည်။

၂၁ ရာစု ပင်လုံညီလာခံ တက်ရောက်ရန်နှင့် နေပြည်တော်သို့ လာရောက်၍ နိုင်ငံတော် အကြီးအကဲများနှင့် တွေ့ဆုံဆွေးနွေးရန် ဇွန် ၁၇ရက်က ဖိတ်ကြားခဲ့သည်ဟု အစိုးရဘက်မှ ဒုဗိုလ်ချုပ်ခင်ဇော်ဦး၏ လူမှုကွန်ယက်တွင် ရေးသားထားသည်။

“ကျနော်တို့အနေနဲ့ တစ်နိုင်ငံလုံးအပစ်အခတ်ရပ်စဲရေးသဘောတူစာချုပ်မှာ ပူးပေါင်းပါဝင်ရန်၊ ပြည်ထောင်စု ငြိမ်းချမ်းရေး-၂၁ ရာစုပင်လုံကို တက်ရောက်ရန်နဲ့ အဆင်သင့် ဖြစ်တဲ့အချိန်မှာ တိုင်းရင်းသားခေါင်းဆောင်များ နေပြည်တော်ကို လာရောက်ပြီး နိုင်ငံတော် အကြီးအကဲများနဲ့တွေ့ဆုံ ဆွေးနွေးရန် ဖိတ်ကြားခဲ့ပါတယ်။ ကျနော်တို့ ဖိတ်ကြားမှုကို တိုင်းရင်းသားခေါင်းဆောာင်များက ဝမ်းမြောက်ဝမ်းသာ လက်ခံကြပါတယ်။ ဒီခရီးမဝေးတော့ပါဘူးခင်ဗျာ” ဟု ရေးသားဖော်ပြထားသည်။

ထို့ပြင် ဒေါက်တာတင်မျိုးဝင်း ဦးဆောင်သောအဖွဲ့မှ ဖိတ်ကြားမှုကို တိုင်းရင်းသားခေါင်းဆောင်များက ဝမ်းမြောက်ဝမ်းသာ လက်ခံကြကြောင်း ဒုဗိုလ်ချုပ် ခင်ဇော်ဦးက သူ၏ လူမှုကွန်ယက်တွင် ဖော်ပြထားသည်။

တိုင်းရင်းသား အဖွဲ့အစည်းများအားလုံး နိုင်ငံတော် ငြိမ်းချမ်းရေးအတွက် အပြုသဘောဆောင်သည့် ချဉ်းကပ်မှုများနှင့် ရင်းနှီးပွင့်လင်းစွာ မိမိတို့၏ သဘောထားအမြင်များကို တင်ပြဆွေးနွေးကြသည့်အပေါ် အားရစရာကောင်းပါကြောင်း ထည့်သွင်း ဖော်ပြထားသည်။

ယင်းအဖွဲ့သည် ဇွန်လ ၁၇ ရက် ညနေ ၃ နာရီမှ ၆ နာရီထိ ဝ အထူးဒေသ (၂) UWSA မှ ဦးကျောက်ကောအန်းဦးဆောင်သော အဖွဲ့နှင့် တွေ့ဆုံပြီးနောက် ည ၆ နာရီခွဲချိန်တွင် မိုင်းလားအထူးဒေသ (၄) အဖွဲ့မှ ဥက္ကဋ္ဌ ဦးစိုင်းလင်း ဦးဆောင်သောအဖွဲ့နှင့် သီးခြားစီ တွေ့ဆုံဆွေးနွေးခဲ့သည်ဟု သိရသည်။

ထိုခရီးစဉ်တွင် ဒေါက်တာ တင်မျိုးဝင်း၊ ဒုဗိုလ်ချုပ် ခင်ဇော်ဦး(ငြိမ်း)၊ ဦးသိန်းဇော်နှင့် ဦးမိုးဇော်ဦးတို့သည် ဇွန်လ ၁၇ ရက်က ရှမ်းပြည် မြောက်ပိုင်း ကျိုင်းတုံမှ မိုင်းလားမြို့သို့ သွားရောက်ကာ UWSA နှင့် NDAA ခေါင်းဆောင်များနှင့် တွေ့ဆုံ ဆွေးနွေးခဲ့ခြင်း ဖြစ်သည်။

အစိုးရ ကိုယ်စားလှယ်များ၏ ယခု တွေ့ဆုံဆွေးနွေးမှု ခရီးစဉ်တွင် တပ်မတော်မှ လက်နက်စွန့်ရေးပြောဆိုထားသော ရက္ခိုင်တပ်မတော်(AA)၊ တအာင်းအမျိုးသားလွတ်မြောက်ရေးတပ်(TNLA)နှင့် ကိုးကန့်တပ် (MNDAA)အဖွဲ့တို့လည်း တွေ့ဆုံနိုင်လိမ့်မည်ဟု မျှော်လင့်ထားသော်လည်း တွေ့ဆုံခြင်း မရှိခဲ့ကြောင်း သိရသည်။

အဆိုပါ လက်နက်ကိုင် အဖွဲ့အစည်း သုံးဖွဲ့သည် ဝ ထိန်းချုပ်နယ်မြေ ပန်ဆန်းတွင် တွေ့ဆုံလိုကြောင်း အစိုးရ ကိုယ်စားလှယ်များထံသို့ ပြီးခဲ့သည့် ရက်သတ္တပတ်က အကြောင်းကြားခဲ့သော်လည်း တွေ့ဆုံနိုင်ခြင်း မရှိသေးဘဲ ညှိနှိုင်းနေဆဲ ဖြစ်သည်ဟု AA မှ ပြန်ကြားရေးတာဝန်ခံ ခိုင်သုခက မဇ္ဈိမကို ပြောသည်။

“မိုင်းလားမှာ ကျနော်တို့နဲ့ မတွေ့ဖြစ်ဘူး။ မိုင်းလားနဲ့ ဝ အဖွဲ့ကိုပဲ တွေ့တာ။ သူတို့(အစိုးရဘက်)ကတော့ ကျိုင်းတုံမှာ တွေ့မယ်လို့ ပြောတယ်။ ဒါပေမဲ့ ကျနေ်ာတို့ဘက်က သူတို့ကို အကြောင်း ပြန်ထားတာက အဲဒီ ပန်ဆန်းမှာတွေ့ဖို့အတွက် အကြောင်းပြန်ထားတာ။ ဒါပေမဲ့ သူတို့ဘက်က ခုထိအကြောင်း မပြန်သေးဘူး”ဟု သူက ပြောသည်။

ဒေါက်တာတင်မျိုးဝင်းဦးဆောင်သောအဖွဲ့သည် တစ်နိုင်ငံလုံး အပစ်အခတ် ရပ်စဲရေး လက်မှတ်မထိုးသေးသော နိုင်ငံရေးဆိုင်ရာညှိနှိုင်းဆွေးနွေးရေး ကိုယ်စားလှယ်အဖွဲ့(DPN)နှင့် ဇွန်လ ၃ ရက်က ပထမဆုံးအကြိမ် တွေ့ဆုံခဲ့သည်။  

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly

Tags