ပေါင်းလောင်းတောင်ကြောပေါ်က ရသေ့ရွက်ဘုရားသို့ ခဏတဖြုတ် ရောက်ရှိခြင်း

ပေါင်းလောင်းတောင်ကြောပေါ်က ရသေ့ရွက်ဘုရားသို့ ခဏတဖြုတ် ရောက်ရှိခြင်း
ဓာတ်ပုံ-ငြိမ်းဝေ(ကဗျာ့အိုးဝေ)

( နိဂုံးပိုင်း )

          ၁။

 ကျီးပါးစပ်လို့ခေါ်တဲ့ ကျီးနှုတ်သီးသဏ္ဍာန် ကျောက်ထပ် အပေါက်ဝမှာရပ်နေတဲ့အခိုက် မိုးသက်လေက တဟူးဟူးတိုက်နေပါတယ်။

ဒီကျီးပါးစပ် ကျောက်ထပ်ရှိရာ မုဆိုးတောင်ကိုလည်း  ကျွန်တော်စိတ်ဝင်စားနေမိတယ်။

လွန်ခဲ့တဲ့ နှစ်ပေါင်း ၄၅၀ ကျော် အတိအကျပြောရရင် ခရစ်သက္ကရာဇ် ၁၅၅၆ ခုနှစ် ဇန်နဝါရီလထဲမှာ တောင်ငူခေတ် ဧကရာဇ်တစ်ပါးဖြစ်တဲ့ ဘုရင့်နောင်ဟာ ဒီ မုဆိုးတောင်လမ်းအတိုင်း ကျိုက်ထီးရိုးတောင်ပေါ်ရောက်လာခဲ့တာပဲ။

အခု ကျွန်တော်ရပ်နေရာတဝိုက်ဟာ အဲဒီ တောင်တက်လမ်းခရီးရဲ့ အဆုံးပဲ။ ဘုရင်နောင် ဧကရာဇ် ဘုရင်မင်းမြတ်ဟာ ဒီနေရာတဝိုက်ရောက်တဲ့အထိ ဆင်စီးပြီး တက်လာခဲ့တာပဲ။ နုပျိုငယ်ရွယ်တဲ့ ပဒေသရာဇ်တစ်ပါးဟာ မှူးမတ် အချွေအရံ မောင်းမမိဿံတွေကိုပါ တပါတည်းခြံရံပြီးမှ ရောက်လာခဲ့တာပဲ။ အခု ကျွန်တော်ရပ်နေရာတဝိုက်မှာပဲ ယာယီသစ်ခက်တဲနန်းတွေထိုးပြီး ဘုရားထီးတင်ပွဲ ပြုလုပ်ခဲ့တာပဲ။

သေချာတာကတော့ ဘုရင့်နောင် ဧကရာဇ်ဟာ သူ့ဦးပေါင်းတော်ကို ချွတ်ပြီး ရွှေချိန် ၇၅ နဲ့ ကျိုက်ထီးရိုးဘုရားစေတီ ထီးတော်သစ် တင်လှူဖို့ ထီးတော်တင်ပွဲ ကျင်းပဖို့ ဒီနေရာတဝိုက်မှာပဲ ပညာရှိ သုခမိန်တွေ၊ ဒေသခံ ကလန်၊ သံပြင် အစရှိတဲ့ အကြီးအကဲတွေနဲ့ တိုင်ပင်ဆွေးနွေးခဲ့မှာပါပဲ။

တပါတည်းခေါ်ဆောင်လာခဲ့တဲ့ တူရိယာပညာရှင်၊ အကပညာရှင်နဲ့ စာဆိုပညာရှင်တွေဟာ ထီးတော်သစ်တင်ပွဲအတွက် နေ့ညမပြတ် တီးမှုတ်သီဆို လေ့ကျင့်ပြင်ဆင်ကြတဲ့အသံတွေဟာ ဒီနေရာတဝိုက်မှာ ပဲ့တင်ညံနေခဲ့မှာကလည်း အသေအချာပါပဲ။

ဆောင်းအကုန် နွေအကူးဖြစ်တာမို့ တောင်ခိုးတွေ မြူတွေ တိမ်တွေဟာ ခဏတဖြုတ်လောက်ပဲ အုံ့ဆိုင်းနေတတ်ပြီး ပတ်ဝန်းကျင်တခွင်လုံး ကြည်လင်စပြုနေခဲ့မှာကလည်း အသေအချာပါပဲ။

ဘုရင့်နောင် ဧကရာဇ်ဘုရင်ဟာ အခု ကျွန်တော် ရပ်ကြည့်နေရာ တောင်ကြော မြေညီလမ်းကလေးပေါ်ကတဆင့် အဆင့်ဆင့် နိမ့်ဆင်းဝေးကွာသွားနေတဲ့ တောင်စဉ်တောင်တန်းတွေကို ရပ်မကြည့်ဘူးလို့ ဘယ်သူပြောနိုင်မလည်း။

အင်မတန် လှပသွဲ့ပြောင်းစွာ စီဆင်းနေတဲ့ စစ်တောင်းမြစ်ကြီးကို ဒီနေရာမှာ ရပ်တန့် လှမ်းကြည့်တော် မမူဘူးလို့ကော ဘယ်သူ ပြောနိုင်မလည်း။

အခု ကျွန်တော်ရပ်ကြည့်နေရာ ခြေဖဝါးအောက်မှာ အဲဒီ ဘုရင့်နောင် ဧကရာဇ်တစ်ပါးရဲ့ ခြေရာတွေ မရှိခဲ့ဘူးလို့ကော ဘယ်သူပြောနိုင်မလည်း။

သည်လိုတွေးလိုက်မိတဲ့အခါ ကျွန်တော့်စိတ်တွေဟာ ရုတ်တရက် လန်းဆန်းပေါ့ပါးသွားခဲ့ရပါတယ်။ ထိုစဉ်အခိုက်မှာပဲ နဂိုမူလ ဓါတ်ပုံရိုက်ဖို့ ရောက်လာခဲ့တဲ့ ကျွန်တော့်စိတ်တွေက ဘယ်တော ဘယ်တောင်တန်းတွေဆီ အတောင်ပေါက်ပြီး ရောက်ကုန်ရသလည်း မသိနိုင်လောက်အောင် စိတ်တွေ ကြည်နူးစိမ်းလန်းသွားရပါတယ်။

ကြာကြာတော့ စိတ်ကူးမယဉ်လိုက်နိုင်ပါဘူး။ တောင်စဉ်အထပ်ထပ်ဆီက အသံပေးပြီးပြေးလာနေတဲ့ မိုးသံလေသံတွေကြောင့် ကျိုက်ထီးရိုးတောင်မကြီးဘက် အမြန်ပြန်လှည့်လာခဲ့ရပါတယ်။ အဆင်းတုန်းက အဆင်ပြေသလောက် ပြန်တက်တဲ့အခါ အသက်အရွယ်ကလည်း ရလာပြီမို့ မနည်းအားခဲပြီးမှ ပြန်တက်ရပါတယ်။ ဒါပေမယ့် လမ်းဘေးဝဲယာ ဘယဆေးဆိုင်တွေ စားသောက်ဆိုင်တွေမှာ ဝင်မနားတော့ပဲ တိုက်ရိုက် တောင်မကြီးပေါ် ပြန်တက်လာခဲ့တာပါ။

ဘုရားဖူးခရီးသည်များ အခမဲ့တည်းခိုနေထိုင်လို့ရတဲ့ တည်းခိုဆောင်ကြီးထိပ်ကိုရောက်တော့ ဘုရားကုန်းတော်ပေါ်ကို မိုးစက်တွေတဝေါဝေါနဲ့ ခုန်ချလာနေပြီဖြစ်ပါတယ်။ ကုန်းတော်တစ်ခုလုံးလည်း မြူတွေနဲ့ လုံးထွေးမှိုင်းဝေပစ်လိုက်ပါတော့တယ်။

          (၂)

တကယ်တော့ ဒီလို မိုးတွေအဆက်မပြတ် ရွာနေတဲ့အချိန် ကျိုက်ထီးရိုးတောင်ပေါ်ဘုရားကို အရောက်သွားဖို့ ဆုံးဖြတ်ခဲ့တာကိုက ကျွန်တော့်မှာ တကူးတက ရည်ရွယ်ချက် ရှိပါတယ်။

ဓါတ်ပုံဆရာ အတော်များများဟာ ကျိုက်ထီးရိုးစေတီတော်မြတ်နဲ့ ပတ်ဝန်းကျင် အခင်းအကျင်းတွေကို အများအားဖြင့် နွေနဲ့ ဆောင်းကာလမှာပဲ ရိုက်ကူးကြတာများလို့ မြင်ရခဲတဲ့ မိုးရာသီမြင်ကွင်းကို ဓါတ်ပုံရိုက်ချင်လို့သာ ကျွန်တော် ရောက်လာခဲ့တာပါ။

ဒီကြားထဲ ခရီးတစ်ခုသွားဖို့အတွက် အထူးသဖြင့် မိုးရာသီ တောင်တက်ခရီးသွားရမှာဖြစ်လို့ ကိုယ့်အသက်အရွယ်နဲ့ ကျန်းမာရေးကိုလည်း ထည့်တွက်နေရပါသေးတယ်။ ပြီးတော့ ခရီးစရိတ်ကိုလည်း ထည့်စဉ်းစားရပါတယ်။ ဒီလိုနဲ့ သွားသင့် မသွားသင့် ချီတုံချတုံဖြစ်နေတုန်း ဖေ့စ်ဘုတ်ပေါ်မှာပဲ စာပေဝါသနာချင်းတူလို့ လူမမြင်ဘူးသေးပဲ ခင်မင်လာရတဲ့ သားသမီးအရွယ် မိန်းကလေးတစ်ဦးနဲ့ စကားစပ်မိသွားပါတယ်။

သူက ကျိုက်ထီးရိုးဘုရားကုန်းတော်ပေါ်က ကျိုက်ထီးရိုးဟော်တယ်မှာ အထွေထွေမန်နေဂျာပါ။ သူကလည်း ကျွန်တော် ဓါတ်ပုံလာရိုက်မယ်ဆိုလို့ ဘုရားလာဖူးဖို့ အားတက်သရော ဖိတ်ပါတယ်။ တည်းခိုရေးကိစ္စ သူ အတတ်နိုင်ဆုံး ကူညီမယ်လို့လည်းပြောပြပါတယ်။ ဒီတော့လည်း နဂိုကတည်းက သွားချင်စိတ်ပြင်းပြနေတဲ့ ကျွန်တော် ကျိုက်ထီးရိုးခရီး သွားဖြစ်သွားပြီပေါ့။ အဲဒီ ကျိုက်ထိုဟော်တယ်မှာပဲ တည်းခိုဖို့ ဆုံးဖြတ်ရသည်ပေါ့။

ကျိုက်ထိုဟော်တယ်ဟာ ကျိုက်ထီးရိုးဘုရားကုန်းတော်ပေါ်က အကြီဆုံးတည်းခိုခန်း သုံးခုအနက် တစ်ခုအပါအဝင်ဖြစ်ပါတယ်။ ဆရာ တင်နိုင်တိုးရေးတဲ့ “ဆံတော်ရှင် ကျိုက်ထီးရိုးသမိုင်း”စာအုပ်ထဲမှာတော့ ကျိုက်ထိုဟော်တယ်အကြောင်း အခန်းတစ်ခန်းသပ်သပ် ရေးထားတာကိုပင် တွေ့ရပါတယ်။

ကျိုက်ထိုဟော်တယ်ဟာ ဆံတော်ရှင် ကျိုက်ထီးရိုးဘုရားနဲ့ သုံးဖါလုံခန့်အကွာ လူသွားလမ်းဘေးမှာပဲ တည်ရှိတဲ့အကြောင်း၊ မြန်မာ့ ဟောတယ်နဲ့ခရီးသွားလုပ်ငန်းမှ   နိုင်ငံတော်အစိုးရရဲ့ အစီစဉ်ဖြင့် နိုင်ငံခြားခရီးသွားများ တည်းခိုနေထိုင်စားသောက်ရာမှာအဆင်ပြေရေးနဲ့ နိုင်ငံခြားဝင်ငွေ ရရှိရာ ရရှိကြောင်း ရည်ရွယ်တည်ဆောက်ခဲ့တာဖြစ်တယ်လို့ ရေးထားပါတယ်။

နောက်ပိုင်းမှာတော့ အစိုးရက တိုက်ရိုက်မကိုင်တွယ်တော့ပဲ ပုဂ္ဂလိက လုပ်ငန်းရှင်များကို လေလံချပြီး လွှဲပြောင်းလုပ်ကိုင်လာခဲ့ပါတယ်။ ကျွန်တော်နဲ့ခင်မင်သိကျွမ်းရတဲ့  ကျွန်တော့်ကို လာဖြစ်အောင် ဖိတ်ခေါ်ခဲ့တဲ့ တူမလေး မချိုချိုသင်းက အဲဒီ ဟော်တယ်မှာ အထွေထွေ မန်နေဂျာ လုပ်ပါတယ်။

ကျိုက်ထိုဟော်တယ်ထဲ ရောက်ပြီးနောက်တနေ့မှာ လှည့်ပတ်ကြည့်ရှုပါသေးတယ်။ လူသွားလမ်းကလေးတွေ၊ တည်းခိုဆောင်များ တစ်ခုနဲ့တစ်ခုအကူး လမ်းကလေးတွေအားလုံး ရောင်စုံပန်းတွေခြံရံစိုက်ပျိုးထားတာမို့ လှပပါတယ်။

ကျွန်တော်တည်းခိုခွင့်ရတဲ့ တည်းခိုခန်းလေးကတဆင့် အောက်ဘက် ခတ်နိမ်နိမ့် တည်းခိုခန်းများဆီ ဆင်းသွားရင် အမိုးအကာမရှိတဲ့ သန့်ရှင်းသန့်ပြန့်တဲ့ အပန်းဖြေအဆောင်ပေါ်ရောက်သွားပါတယ်။ အဲဒီအပန်းဖြေဆောင်ပေါ်ကို သုံးခေါက်လောက် သွားရပ်ပြီး အဲဒီကတဆင့် ပတ်ဝန်းကျင် တောင်စဉ်တောင်တန်းတွေနဲ့ စစ်တောင်းမြစ်ကြီးကို ဓါတ်ပုံအကြိမ်ကြိမ် ရိုက်ပါတယ်။

အဲဒီ အပန်းဖြေဆောင်ကတဆင့် အနိမ့်ပိုင်းချိုင့်ဝှမ်းကြီးရဲ့ ဟိုဘက်က မြသပိတ်တောင်ကြီးကို တမေ့တမော ထိုင်ကြည့်မိပါသေးတယ်။ လေထဲမှာ ပျံဝဲနေတယ်လို့ထင်ရလောက်အောင် ကျောင်စွန်းတစ်ခုပေါ်မှာ ဆောက်လုပ်ထားတဲ့ အပန်းဖြေဆောင်ဖြစ်တာမို့ ကျွန်တော့်စိတ်ထဲမှာ ပေါ့ပါးပျံ့လွင့်နေခဲ့ပါတယ်။ ဆံတော်ရှင်ကျိုက်ထီးရိုးဘုရားကိုလည်း မြင်နေရပါတယ်။ မကြာခဏဆိုသလို မျောလိမ့်ဝင်လာနေတဲ့ မြူတွေ တိမ်တွေကိုလည်း မြသပိတ်တောင်ကြီးရဲ့ခါးလည်မှာ အလှပဆုံး တွေ့နေရပါတယ်။

မြသပိတ်တောင်ကြီးရဲ့ အစွန်းကိုကျော်လိုက်တော့ စစ်တောင်းမြစ်ကြီးကို လှမ်းမြင်ရပါတယ်။ မြူတွေပါးသွားတဲ့အခါ ကာဆီးနေတဲ့တိမ်တွေ ရွေ့သွားတဲ့အခါ စစ်တောင်းမြစ်ကြီးကို အဖြူရောင် မြွေကြီးတစ်ကောင်လို မြင်ရတတ်ပါတယ်။ ကံအားလျော်စွာ စစ်တောင်းမြစ်ကြီးရဲ့မြင်ကွင်းကို ကြည်ကြည်လင်လင် ဓါတ်ပုံရိုက်ခွင့်လည်း ရလိုက်ပါတယ်။

          (၃)

အခမဲ့တည်းခိုဆောင်ပေါ် ခဏတက်ပြီး မိုးခိုနေတုန်း အတွေးနယ်ချဲ့နေလိုက်မိတာ မိုး ဘယ်အချိန်က တိတ်သွားမှန်းတောင် သတိမမူမိအောင် ဖြစ်သွားရပါတယ်။

ဒီတစ်ခေါက် ကျိုက်ထီးရိုးတောင်ပေါ်ရောက်လာခြင်းဟာ ကျွန်တော့်အတွက်တော့ တစ်နှစ်အတွင်းမှာ ဒုတိယအကြိမ်ဖြစ်ပါတယ်။ နွေတုန်းက တစ်ခေါက်ရောက်ခဲ့ပါသေးတယ်။ ဒီတုန်းကတော့ ဘုရားရင်ပြင်တော်ပေါ်မှာ ဈေးရောင်းကြရတဲ့ကလေးတွေ၊ အထမ်းသမားတွေနဲ့ ဈေးဆိုင်တွေအကြောင်း တော်တော်လေးစုံအောင် လေ့လာခဲ့ပါတယ်။ အခုတစ်ခေါက်ကတော့ မြူတွေ မိုးတွေ တိမ်တွေကြားက ကျိုက်ထီးရိုး ဆံတော်ရှင်ဘုရားကို ရှုထောင့်အမျိုးမျိုးကတဆင့် ဓါတ်ပုံရိုက်ဖို့အတွက်ပဲ ရောက်လာခဲ့တာဖြစ်လို့ သူတို့ဘက်ဆီ အာရုံမထားနိုင်ခဲ့တော့ပါဘူး။

အခမဲ့ တည်းခိုဆောင်ပေါ်ကဆင်းပြီး ဆံတော်ရှင် ကျိုက်ထီးရိုးဘုရား ကျောက်တုံးကြီးဆီ တခါထပ်ပြီး လျှောက်သွားလိုက်ပါတယ်။

ရင်ပြင်တော်ပေါ်မှာ မိုးရေတွေ ရှိနေတာမို့ ဂရိုစိုက်ပြီးလျှောက်ရပါတယ်။ ကျောက်တုံးကြီးရှိရာကူးလို့ရတဲ့ နေရာရောက်တော့ အပေါက်ဝမှာရှိတဲ့ လုံခြုံရေးတာဝန်ရှိသူက ကင်မရာနဲ့  လက်ကိုင်ဖုံးယူမရဘူးလို့ပြောလို့ ကူးမသွားတော့ပဲ အောက်ဘက် မော့ကြည့်လို့ရတဲ့ ရင်ပြင်ဆီကိုပဲ ဆင်းလာလိုက်ပါတယ်။

အောက်ရောက်လို့ အပေါ်ကိုမော့ကြည့်မိတယ်ဆိုရင်ပဲ ဒီကျောက်တုံးကြီးအကြောင်းက စိတ်ထဲ အလိုလို ရောက်လာရပြန်ပါတယ်။

ကျောက်တုံးကြီးတစ်ခုဟာ ကျောင်တိုင်ကြီးတစ်ခုပေါ်မှာ အခုလို အံ့သြဖွယ်အနေအထားနဲ့ ပြုတ်မကျပဲ တည်တန့်နေတာ ဘာ့ကြောင့်လည်းဆိုတဲ့အဖြေကိုရဖို့ အစိုးရရဲ့ တာဝန်ပေးချက်အရ တာဝန်ရှိသူတွေဟာ စနစ်တကျ သုတေသနပြုခဲ့ကြပါတယ်။

အစိုးရရဲ့ တာဝန်ပေးချက်အရ အင်ဂျင်နီယာများ လေ့လာဆန်းစစ်ခဲ့ကြရာမှာ အဓိက အချက် နှစ်ချက်ရှိတယ်လို့ဆိုပါတယ်။ ပထမအချက်က ကျောက်လုံးတော်ကြီး အလေးချိန် ဗဟိုချက်ဟာ အောက်ခြေရှိ ထိစပ်နေသော ဧရိယာအတွင်း ကျရောက်နေလို့ အခုလို တည်ငြိမ်နေတာလို့ ဆိုပါတယ်။ ပြီးတော့ ကျောက်လုံးတော်ကြီးရဲ့ လည်ပတ်ဝန်ရိုးကလည်းပဲ အောက်ခံကျောက်တိုင်ကြီးရဲ့အတွင်းဘက်ကို ကျရောက်နေလို့လည်းဖြစ်တယ်ဆိုပါတယ်။

ဒုတိယအချက်ကတော့ ကျောက်လုံးတော်ကြီးနဲ့ အောက်ခံကျောက်တိုင်ကြီး ထိစပ်နေတဲ့ အကျယ်ဧရိယာဟာ ကျောက်လုံးတော်ကြီးရဲ့ ၁ ဒသမ ၄ ရာခိုင်နှုန်းသာ ( ၁ စတုရန်းပေ  ) ရှိနေခြင်းဟာလည်းပဲ    ပြုတ်မကျပဲ တည်မြဲနေတာဖြစ်တယ်လို့ ယူဆကြပါတယ်။

အပေါ်မှာတင်နေတဲ့ကျောက်တုံးကြီးက တန်ချိန် ၆၀၀ ခန့်ရှိပါတယ်။ ဂရင်းနိုက်လို့ခေါ်တဲ့ အရောင်ဖျော့ နှမ်းဖတ်ကျောက်အမျိုးအစားဖြစ်ပါတယ်။

အောက်ခံ ကျောက်တိုင်ကြီးဟာ ထောင်ထောင်မတ်မတ်မဟုတ်ဘဲ အရှေ့ဘက်ကို တိမ်းစောင်းတယ်လို့လည်း ဆိုပါတယ်။ စိတ်ဝင်စားဖို့ကောင်းတဲ့အချက်က ကျောက်လုံးကြီးကို ထမ်းထားရတဲ့ အောက်ခံကျောက်တိုင်ကြီးဟာ ပေအနည်းငယ်သာလျင် မြေကြီးထဲမြုတ်နေတဲ့ ကျောက်တိုင်ကြီးသာဖြစ်ကြောင်း တွေ့ရှိရတဲ့အချက် ဖြစ်ပါတယ်။

သုတေသနပြုကြတဲ့ အင်ဂျင်နီယာတွေ ဘူမိဗေဒပညာရှင်တွေ လက်လျှော့ထားရတဲ့အချက်ကတော့ ဒီကျောက်တိုင်ကြီးပေါ်ကို ဒီကျောက်လုံးတော်ကြီး ဘယ်လိုနည်းနဲ့ အခုလို အံသြဘနန်း လာတင်နေတာလည်းဆိုတဲ့အချက်ပါပဲ။ ဘယ်အချိန် ဘယ်ကာလလောက်ကတည်းက ဒီထူးဆန်းတဲ့ ဖြစ်တည်မှု စတင်ဖြစ်ခဲ့တာလည်းဆိုတဲ့အချက်ကိုတော့ ဘယ်သူမှ မခန့်မှန်းတတ်ခဲ့ကြပါဘူး။

ဆံတော်ရှင် ကျိုက်ထီးရိုးဘုရား တည်ထားကိုးကွယ်ထားရှိရာ ကျောက်တုံးကြီးအောက်က အပေါ်ကိုပြန်တက်လာတဲ့အခါ မိုးချုပ်သွားခဲ့ပါပြီ။ မြူတွေလည်းရှိနေ မိုးသားတွေလည်းအုံ့ဆိုင်းနေလို့ နေဝင်လည်း မြန်ပုံရပါတယ်။

တနေကုန်တနေခန်း သွားလာ ဓါတ်ပုံရိုက်လိုက် ဈေးသည်ကလေးတွေနဲ့ ထိုင်ပြီးစကားပြောလိုက်၊ ကျိုက်ထိုဟော်တယ်ကို ခဏပြန်လာပြီး မိုးရေစိုနေတဲ့အဝတ်တွေ ပြန်လဲဝတ်လိုက် နေရာအနှံ့ ဓါတ်ပုံလိုက်ရိုက်လိုက်နဲ့ ကျိုက်ထီးရိုးခရီးစဉ်တစ်ခုတော့ နိဂုံးချုပ်ပါတော့မယ်။

နောက်တနေ့ မနက် ခတ်စောစော ၆ နာရီလောက်မှာ အိပ်ရာက ထရပါမယ်။ ကားဆိပ် ဆင်းရပါမယ်။ ဒါကြောင့်မို့ တည်းခိုရာဟော်တယ်ကို ပြန်လာလိုက်ပါတယ်။

ကျွန်တော်တည်းခိုရာ အခန်းကလေးထဲ ဝင်လိုက်တယ်ဆိုရင်ပဲ ပေါင်းလောင်တောင်ကြောတစ်ခုလုံးပေါ် မိုးတွေ ညာသံပေးပြီး ရွာချလာပါတော့တယ်။     ။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly