နှစ်ပေါင်း ၂၀ ကျော်က သိမ်းဆည်းထားခဲ့သော မြေပိုင်ရှင်များအား လျော်ကြးငွေပေးအပ်

နှစ်ပေါင်း ၂၀ ကျော်က သိမ်းဆည်းထားခဲ့သော မြေပိုင်ရှင်များအား လျော်ကြးငွေပေးအပ်
(ဓာတ်ပုံ - Rakhine Gazette)

ဇွန် ၁၈ ရက်။                     ။ ရခိုင်ပြည်နယ် စစ်တွေမြို့ပေါ်တွင် လွန်ခဲ့သည့် ၁၉၉၂ ခုနှစ်နှင့် ၉၆ ခုနှစ်တို့က သိမ်းဆည်းထားခဲ့သည့် မြေယာများအတွက် လျော်ကြေးငွေများအား ယနေ့ ၂၀၁၆ ခုနှစ် ဇွန်လ ၁၇ ရက်နေ့တွင် ပေးအပ်လိုက်ခဲ့သည်။ 

အဆိုပါမြေများအား လွန်ခဲ့သည့် နှစ်ပေါင်း ၂၀ ကျော် ကတည်းက စစ်တွေမြို့မဈေးကြီး တိုးချဲ့တည်ဆောက်ရန်နှင့် ငွေနဒီ တိုက်ခန်းများ တည်ဆောက်ရန်အတွက် ကမ်းနားလမ်းရှိမြေနေရာများတွင် နေထိုင်လျှက်ရှိသည့် လူနေအိမ်များအား ဖယ်ရှားခိုင်းပြီး သိမ်းဆည်းခဲ့ခြင်း ဖြစ်သည်။

“စစ်တွေမြို့ ကမ်းနားလမ်းမှာရှိတဲ့ မိဇံရွာက အကွက် ၃၆ ကို ၁၉၉၂ ခုနှစ်မှာ မြို့တော် သာယာလှပရေးအတွက် သိမ်းဆည်းခဲ့ပါတယ်။ ကျေးပင်ကြီးရပ်ကွက်က အကွက်အမှတ် ၃၈ ကို နှစ်ထပ် ဈေးဆောက်လုပ်ဖို့အတွက် ၁၉၉၆ ခုနှစ်မှာ သိမ်းဆည်းခဲ့တာဖြစ်ပါတယ်။ အဲဒီမြေနေရာတွေကို အခုအခါ ပြည်ထောင်စုလွှတ်တော်က လယ်ယာမြေနဲ့ အခြားမြေများ သိမ်းဆည်းမှုကြောင့် ပြည်သူတွေ မနစ်နာရအောင် စုံစမ်းစစ်ဆေးရေးကော်မရှင်ကနေပြီးတော့ နစ်နာသူတွေလျော်ကြေးငွေ ရရှိဖို့အတွက် တင်ပြတောင်းဆိုထားတဲ့ အတွက်ကြောင့် အခုနစ်နာကြေးတွေ ပေးအပ်တာဖြစ်ပါတယ်။” ဟု ရခိုင်ပြည်နယ်အစိုးရအဖွဲ့ ပြောရေးဆိုခွင့်ရှိသူ ပြည်နယ် စည်ပင်ဝန်ကြီး ဦးမင်းအောင်က မဇ္ဈိမကို ပြောသည်။

ယင်းမြေနေရာများအား စစ်အစိုးရလက်ထက်တွင် သိမ်းဆည်းခဲ့ခြင်းဖြစ်သည့် အတွက် အဆိုပါနေရာများတွင် နေထိုင်ခဲ့ကြသူများမှာ ဖယ်ရှားခံခဲ့ကြရပြီး အစားထိုးမြေနေရာများ မရရှိကြသည့်အပြင် လျော်ကြေးငွေများလည်း တစ်စုံတစ်ရာမရရှိခဲ့ကြောင်း၊ ယခု အစိုးရသစ်လက်ထက်သို့ရောက်လာခဲ့ချိန်တွင် သိမ်းဆည်းခံမြေများအား လျော်ကြေးငွေများ တောင်းယူနိုင်သည့်အတွက် နစ်နာသူ မြေပိုင်ရှင်များက သိမ်းဆည်းခံ လယ်ယာမြေနှင့် အခြားမြေများ စုံစမ်းစစ်ဆေးရေးကော်မရှင်နှင့် မြေအသုံးချမှု စီမံခန့်ခွဲရေးကော်မတီသို့ ၂၀၁၃ ခုနှစ်က တင်ပြတောင်းဆိုခဲ့သည့် အတွက် ယခုကဲ့သို့ လျော်ကြေးများရရှိခြင်း ဖြစ်သည်။

“ကျွန်တော်တို့ အသိမ်းခံလိုက်ရတဲ့မြေက ၉၆ ခုနှစ်မှာ အသိမ်းခဲ့ရတာပါ။ တပ်ကနေပြီးတော့ ခုနှစ်ရက်အတွင်း ဖျက်ခိုင်းခဲ့ပါတယ်။ ဖျက်ပေးလိုက်ရတယ်။ ဒီမြေတွေဟာ ကျွန်တော်တို့ရဲ့ ဘိုးဘွားပိုင် အမည်ပေါက်မြေနေရာတွေဖြစ်ပါတယ်။ အခု သိမ်းဆည်းထားတဲ့မြေတွေကို ပြန်တောင်းလို့ဖို့ ကျွန်တော်တို့ ၂၀၁၃ ခုနှစ်က ပြန်တောင်းခဲ့တာပါ။ ကိုယ့်မြေကိုပဲ ပြန်တောင်းခဲ့တာဖြစ်ပါတယ်။ အဆောက်အဦတွေ ဆောက်ထားတဲ့အတွက် ပြန်ပေးလို့မရဘူး။ လျော်ကြေးပဲ ပေးမယ်ဆိုပြီးတော့ မြေအသုံးချမှု ကော်မတီက အကြောင်းကြားလာပါတယ်။ ကျွန်တော်တို့ လက်မခံဘူး။ ၂၀၁၅ ခုနှစ်မှာ ပြည်ထောင်စုလွှတ်တော် သိမ်းဆည်းခံ မြေယာများ စုံစမ်းစစ်ဆေးရေး ကော်မရှင်က လာစစ်ပြီးတော့ တစ်စတုရန်းပေကို ၁၆၀၀၀ ကျပ်ပေးမယ် ဆိုပြီးပြောတယ်။ လက်မခံဘူး။ ကာလပေါက်ဈေး အတိုင်းတောင်းတော့ ဒီလောက်များတဲ့ငွေကြေးကို ပြည်ထောင်စု ဘတ်ဂျက်က လျော်မပေးနိုင်လို့ပြောပါတယ်။ သူတို့က သိန်းနှစ်ထောာင်ပေးတယ်။ နောက်ပိုင်းမှာတော့ အိမ်ရာပါ တစ်ကွက်စီ ချပေးဖို့သဘောတူခဲ့ပါတယ်။ ကာလပေါက်ဈေးအတိုင်းဆိုရင် ကျွန်တော် တစ်ဦးတည်းပိုင်မြေဟာ သိန်းခြောက်ထောင်လောက် တန်ဖိုးရှိပါတယ်။”ဟု မြေပိုင်ရှင် တစ်ဦးဖြစ်သူ ဦးမောင်လှကျော်က မဇ္ဈိမကို ပြောသည်။

၂၀၁၂ ခုနှစ်တွင် သိမ်းဆည်းခံ မြေယာများနှင့်ပတ်သက်ပြီး ပြည်ထောင်စု လွှတ်တော်မှ ပြဌာန်း အတည်ပြုလိုက်သည့် မြေယာဥပဒေတွင် သိမ်းဆည်းထားသည့် မြေများအား မြေရှင်များ နစ်နာမှုမရှိစေရန် လျော်ကြေးငွေကို ကာလတန်ဖိုးထက် မနည်းသော လျော်ကြေးငွေများကို ပေးဆောင်ရမည်ဟု ပြဌာန်းထား ရှိသော်လည်း လက်ရှိစစ်တွေမြို့ပေါ်မှ သိမ်းဆည်းခံမြေပိုင်ရှင်များမှာ ကာလတန်ဖိုး၏ ထက်ဝက်ခန့်ကိုသာ ရရှိကြောင်းလည်း မြေပိုင်ရှင်များထံမှ သိရသည်။

သိမ်းဆည်းခံ မြေများဖြစ်သည့် မိဇံရပ်ကွက်မှ မြေပိုင်ရှင် ငါးဦးတို့အား ယခု လျော်ကြေးငွေများ ပေးအပ်ရာတွင် မြေဧက သုည ဒသမ ၄၈၂ အတွက် ငွေကျပ် ၂၉၃.၉၄ သန်းနှင့် ကျေးပင်ရပ်ကွက်မှ မြေပိုင်ရှင် ၁၅ ဦးတို့ ပိုင်ဆိုင်သော မြေဧက  သုညဒသမ ၃၂၃ အတွက် ၇၀၈.၇၁ သန်းဖြစ်ပြီး လျော်ပေးငွေ စုစုပေါင်းမှာ ၁၀၀၂.၆၅ သန်း ပေးအပ် သွားမည်ဖြစ်သော်လည်း ယင်းမြေပိုင်ရှင်များအား လျော်ကြေးငွေ၏ ၂၅ ရာခိုင်နှုန်းကိုသာ ပထမအသုတ်အဖြစ် ပေးအပ်ခြင်းဖြစ်ကြောင်း၊ မြေနေရာ တစ်ကွက်စီကိုလည်း မရရှိကြသေးကြောင်း သိရသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly