လေ့ကျင့်ခန်းခြေစွမ်းအပေါ် မူတည်၍ စည်သူအောင်အား ပွဲထွက်ခွင့် ပေးသွားမည်ဟု ရီနီ ဆို

လေ့ကျင့်ခန်းခြေစွမ်းအပေါ် မူတည်၍ စည်သူအောင်အား ပွဲထွက်ခွင့် ပေးသွားမည်ဟု ရီနီ ဆို
ရန်ကုန်အသင်းနှင့်ပွဲတွင် ပွဲထွက်ခွင့်ပြန်လည် ရရှိလာခဲ့သည့် ရတနာပုံမှ စည်သူအောင်အား တွေ့ရစဉ် (ဓာတ်ပုံ-ရွှေဘုတ်)

ရန်ကုန်၊ ဇွန် ၁၆ ။      ။ ယခုနှစ် ၂၀၁၆ ဘောလုံးရာသီတွင် ပွဲပယ်ပြစ်ဒဏ်များ အပြင် နည်းပြနှင့်လေ့ကျင့်ရေးကွင်း အတွင်းပြဿနာများကြောင့် ပွဲကစားခွင့် ပျောက်ဆုံးနေသည့် ရတနာပုံကွင်းလယ်ကစားသမား စည်သူအောင်အား လေ့ကျင့်ခန်း ခြေစွမ်းအပေါ် မူတည်၍ ပွဲထွက်ခွင့် ပြန်လည်ပေးသွားမည် ဟု ရတနာပုံနည်းပြ ရီနီက ဆိုသည်။

စည်သူအောင်သည် ကမ္ဘာ့ဖလား ခြေစစ်ပွဲမတိုင်ခင်၌ မြန်မာ့လက်ရွေးစင်အသင်း၏ လေ့ကျင့် ခန်းအစီအစဉ်အား ပျက်ကွက်မှုများကြောင့် ရာသီအစတွင် ခြောက်ပွဲအထိ ပွဲပယ်ပြစ်ဒဏ်ခံခဲ့ရသည့် အပြင် ရတနာပုံနည်းပြရီနီနှင့်လည်း ပြဿနာဖြစ်ခဲ့သည့်အတွက် ရတနာပုံအသင်းတွင် ပွဲထွက်ခွင့်များ ပျောက်ဆုံးခဲ့သည့် ကစားသမား တစ်ဦးဖြစ်သည်။

စည်သူအောင်နှင့် ပတ်သက်၍ “စည်သူအောင်က ရာသီအစမှာလည်း ပွဲပယ်ပြစ်ဒဏ်ကြောင့် ခြောက်ပွဲလောက် လွဲခဲ့ပါတယ်။ ဒုတိယအကျော့အစမှာလည်း ကျန်းမာရေးအခြေအနေကြောင့် အနား ပေးခဲ့ရပါသေးတယ်။ လေ့ကျင့်ခန်းမှာ ကျွန်တော်နဲ့ ပြဿနာဖြစ်ခဲ့တယ် ဆိုတာလည်း တော်တော်ကြီး ကြာခဲ့ပါပြီ။

လက်ရှိအချိန်မှာတော့ ရတနာပုံအသင်းနဲ့ စည်သူအောင်နဲ့ကြား ဘာပြဿနာမှ မရှိတော့ပါ ဘူး။ သူအခုလေ့ကျင့်ခန်း ပြန်ဆင်းနေတာ သုံးပတ်လောက်ရှိပါပြီ။ သူရဲ့ လေ့ကျင့်ခန်းအတွင်း ခြေစွမ်း ကိုပဲ ကြည့်ပြီး ပွဲထွက်ခွင့်ပေးဖို့ ဆုံးဖြတ်သွားမှာပါ ” ဟု ရတနာပုံနည်းပြ ရီနီက ရန်ကုန်အသင်းနှင့်ပွဲ အပြီး သတင်းစာရှင်းလင်းပွဲတွင် ပြောသည်။

စည်သူအောင်သည် ပွဲပယ်ပြစ်ဒဏ်များကြောင့် ယခုနှစ် ဘောလုံးရာသီတွင် ဇွဲကပင်နှင့် ရတနာပုံပွဲ၊ ရှမ်းယူနိုက်တက်နှင့် ရတနာပုံပွဲ၊ ရန်ကုန်အသင်းနှင့် ရတနာပုံပွဲ စသည့် လိဂ်ပွဲသုံးပွဲသာ ပွဲထွက်ခွင့် ရရှိထားသည်။

၎င်းသည် ရန်ကုန်ယူနိုက်တက်အသင်း၏ အကယ်ဒမီမှ ပေါ်ထွက်လာခဲ့သည့် ကစားသမား တစ်ဦးဖြစ်ပြီး ၂၀၁၄ ခုနှစ်တွင် ရတနာပုံအသင်းသို့ ပြောင်းရွေ့လာခဲ့ကာ ခြေစွမ်းပြနိုင်ခဲ့သလို ပြီးခဲ့ သည့် ၂၀၁၅ စင်ကာပူဆီးဂိမ်းတွင်လည်း မြန်မာ ယူ-၂၃ အသင်းနှင့်အတူ ငါးဂိုးသွင်းယူကာ ငွေတံ ဆိပ်ဆု ရရှိအောင် စွမ်းဆောင်ပေးထားနိုင်ခဲ့သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly