ကမ္ဘာအသက်ကြီးဆုံး အမျိုးသား အသက် ၁၁၂ နှစ်တွင် ကွယ်လွန်

ကမ္ဘာအသက်ကြီးဆုံး အမျိုးသား အသက် ၁၁၂ နှစ်တွင် ကွယ်လွန်

ဂျပန်နိုင်ငံ တိုကျိုမြို့ရှိ ကမ္ဘာအသက်ကြီးဆုံး အမျိုးသားဖြစ်သူ အသက် ၁၁၂ နှစ်ရှိ ဆာကာရီမိုမွိုင်း ကွယ်လွန်ခဲ့ပြီဖြစ်ကြောင်း ဘီဘီစီသတင်းတွင် ဖော်ပြသည်။

ယခင်အထက်တန်းကျောင်းအုပ်ဆရာကြီးနှင့် ကလေးငါးယောက်ဖခင်ဖြစ်သူ ဆာကာရီက ဇူလိုင် ၅ ရက်က ကျောက်ကပ်ရောဂါဝေဒနာဖြင့် တိမ်းပါးခဲ့ခြင်းဖြစ်သည်။

ဆာကာရီကို ပြီးခဲ့သည့်နှစ် သြဂုတ်လအတွင်းက ဂင်းနစ်ကမ္ဘာစံချိန်မှတ်တမ်းတွင် ကမ္ဘာအသက်ကြီးဆုံးအမျိုးသားအဖြစ် သတ်မှတ်ခဲ့ခြင်းဖြစ်သည်။

ဧပြီလက ကမ္ဘာအသက်ကြီးဆုံးသူနှင့် အသက်ကြီးဆုံးအမျိုးသမီးဖြစ်သူ ဂျပန်နိုင်ငံမှ မီဆာယိုအိုကာဝါဆိုသည့် အဘွားအိုသည် အသက် ၁၁၇ နှစ်တွင် ကွယ်လွန်ခဲ့သည်။ လက်ရှိတွင် ကမ္ဘာအသက်ကြီးဆုံးသူနှင့် အသက်ကြီးဆုံးအမျိုးသမီးအဖြစ် အမေရိကန် မှ ဆူဆန်နက်မူရှတ်ဂျုံးက သတ်မှတ်ခံထားရသည်။

ယနေ့ ဇူလိုင် ၇ ရက်တွင်မှ ဆာကာရီသေဆုံးကြောင်းကို ကြေညာသိရှိခြင်းဖြစ်ဖြစ်သည်။ ဆာကာရီသည် ဖူကူရှီးမားတွင် ၁၉၀၃ ခုနှစ်အတွင်းက မွေးဖွားခဲ့ခြင်းဖြစ်သည်။ ကျောင်းဆရာအဖြစ်စတင်လုပ်ကိုင်ခဲ့ပြီး နောက်တွင် အထက်တန်းကျောင်းအုပ်ကြီးဖြစ် လာခဲ့သည်။

စာဖတ်ဝါသနာပါပြီး တရုတ်ကဗျာများ ဖတ်ရှုရခြင်းကို အထူးနှစ်သက်သူဖြစ်သည်။ ထိုပြင် ဇနီးသည်မကွယ်လွန်မီက ဂျပန်နိုင်ငံ တစ်လွှား ဇနီးဖြစ်သူနှင့်အတူ ခရီးသွားလာရခြင်းကို ခုံမင်သူဖြစ်ကြောင်း ဂင်းနစ်မှတ်တမ်းတွင် ဖော်ပြထားသည်။

ဂင်းနစ်မှတ်တမ်းတွင် ကမ္ဘာအသက်ကြီးဆုံးအမျိုးသားအဖြစ် ထည့်သွင်းဖော်ပြခံရသည့် အသိအမှတ်ပြုမှုတွင် ဆာကာရီက ” ကျွန်တော် နောက်ထပ်နှစ်နှစ်လောက်တော့ နေထိုင်သွားချင်ပါတယ်။”ဟု သတင်းထောက်များကို ပြောခဲ့သူဖြစ်သည်။

Ref: BBC

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly