ရတနာပုံနှင့်ပွဲ ဖြစ်ရပ်အတွက် ကြည်လင်းအား ဒဏ်ငွေ နှစ်သိန်းနှင့် နှစ်ပွဲပယ် ပြစ်ဒဏ်ချမှတ်

ရတနာပုံနှင့်ပွဲ ဖြစ်ရပ်အတွက် ကြည်လင်းအား ဒဏ်ငွေ နှစ်သိန်းနှင့် နှစ်ပွဲပယ် ပြစ်ဒဏ်ချမှတ်
ရန်ကုန်နှင့်ရတနာပုံ ပွဲ၌ ကြည်လင်းက ရဲကိုဦးအား ဥပဒေပ ဖြတ်ထုတ်နေစဉ် (ဓာတ်ပုံ-ရွှေဘုတ် / Mizzima)

ရန်ကုန်နှင့် ရတနာပုံပွဲတွင် ပွဲချိန်နောက်ဆုံးမိနစ်၌ ရဲကိုဦးအား ဥပဒေပ ပြစ်ဒဏ်ကျူးလွန်ခဲ့သည့် ရန်ကုန်ကစားသမား ကြည်လင်းအား ဒဏ်ကြေးငွေနှစ်သိန်းနှင့် အနီးစပ်ဆုံး နှစ်ပွဲပယ် ပြစ်ဒဏ်အဖြစ် စည်းကမ်းထိန်းသိမ်းရေးကော်မတီမှ ချမှတ်ခဲ့သည်။ ကြည်လင်းသည် အဆိုပါပွဲတွင် ရန်ကုန်ဂိုးဧရိယာအတွင်း၌ ရဲကိုဦးအား နောက်ဆုံးခံစစ်သမားအဖြစ် ဥပဒေပကျူးလွန်ခဲ့သော်လည်း ကွင်းလယ်ဒိုင် ဦးဝင်းထွဋ်က အနီကတ်ပြသခြင်းမရှိပဲ ပင်နယ်တီပြစ်ဒဏ်ပေးပြီး အဝါကတ်သာ ပြသခဲ့သည်။

ယင်းပွဲပယ်ပြစ်ဒဏ်ကြောင့် ကြည်လင်းသည် ဇွန် ၁၅ တွင် ယှဉ်ပြိုင်ကစားမည့် ရန်ကုန်အသင်းနှင့် ဟော်ရဇွန်အသင်း တွေ့ဆုံမည့် ဗိုလ်ချုပ်အောင်ဆန်းဒိုင်းရှုံးထွက်ပြိုင်ပွဲ နှင့် လိဂ် ပွဲစဉ် ၁၄ ဖြစ်သည့် ရှမ်းယူနိုက်တက်အသင်းတို့ ပွဲတွင် ပါဝင်ကစားနိုင်မည် မဟုတ်ပေ။ ထို့ပြင် ရန်ကုန်နှင့်ရတနာပုံပွဲတွင် တာဝန်ယူကိုင်တွယ်ခဲ့သည့် ကွင်းလယ်ဒိုင် ဦးဝင်းထွဋ်သည်လည်း ကြည်လင်းအား အနီကတ်မပြသပဲ အဝါကတ်သာ ပြသခဲ့သည့်အတွက် ဒိုင်ကော်မတီမှ ထိုက်သင့်သလို အရေးယူရန် စည်း/ထိန်း မှ အကြောင်းကြားခဲ့သည်။ အလားတူ အိမ်ရှင်ရန်ကုန်အသင်း အနေဖြင့်လည်း ပြိုင်ပွဲပြီးဆုံးချိန် နှစ်ဖက် ပရိသတ် များ မလိုလားအပ်သော အခြေအနေ မပေါ်ပေါက်စေရန်၊ လုံခြုံရေး အခြေအနေများကို လက်ရှိထက် စီစဉ်ဆောင်ရွက်သွားရန်၊ ကစားသမား၊ ဒိုင်လူကြီးနှင့် ပရိသတ် လုံခြုံရေးအတွက် လက်ရှိအနေအထားထက် ပိုမိုကောင်းမွန်သောစီမံခန့်ခွဲမှုများ ဆောင်ရွက်သွားရန်နှင့် နောက်နောင် အလားတူ ဖြစ်ရပ်မျိုး ထပ်မံပေါ်ပေါက်ပါက MNL မှ သတ်မှတ်ထားသော စည်းမျဉ်းစည်းကမ်းနှင့် အညီ ပြင်းထန်စွာ အရေးယူခံရမည်ဖြစ်ကြောင်း သတိပေး အကြောင်းကြားခဲ့သည်။

ရန်ကုန်ယူနိုက်တက်အသင်းနှင့် ရတနာပုံအသင်းတို့သည် ၂၀၀၉ ခုနှစ် မြန်မာနေရှင်နယ်လိဂ်စတင်ချိန်မှ စတင်ကာ တစ်သင်းနှင့်တစ်သင်း ပြိုင်ဆိုင်မှုများ ပြင်းထန်ခဲ့ပြီး ယင်းနှစ်သင်းတွေ့ဆုံသည့် ပွဲများတွင် ကစားသမားအချင်းချင်း၊ ပရိသတ်အချင်းချင်း ရုန်းရင်းဆန်ခတ်ဖြစ်ရပ်များ၊ ပွဲပယ်ဖြစ်ရပ်များ အများဆုံး ဖြစ်ပေါ်လျက်ရှိသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly