ရခိုင်တွင် နိုင်ငံသားစိစစ်နေမှုတွင် လူမျိုးဘာသာ ထည့်သွင်းခြင်း မရှိမှုအပေါ် ဝေဖန်

ရခိုင်တွင် နိုင်ငံသားစိစစ်နေမှုတွင် လူမျိုးဘာသာ ထည့်သွင်းခြင်း မရှိမှုအပေါ် ဝေဖန်
(ဓာတ်ပုံ - အီးပီအေ)

ဇွန် ၈ ရက် ။                    ။ ရခိုင်ပြည်နယ်အတွင်းရှိ အစ္စလမ်ဘာသာဝင်များကို နိုင်ငံသား စိစစ်ဆောင်ရွက်မှု ရှေ့ပြေးစာရင်းကောက်ယူမှုအဖြစ် ပြုလုပ်နေရာတွင် လူမျိုးနှင့် ဘာသာအမည်တို့ကို ထည့်သွင်းကောက်ခံခြင်း မရှိမှုနှင့် ပတ်သက်၍ ရိုဟင်ဂျာအရေးလှုပ်ရှာဆောင်ရွက်နေသူ ဦးကျော်လှအောင်က ဝေဖန်လိုက်သည်။

"ဒီအစိုးရကို ကျနော်တို့က ယုံကြည်ဖို့ ကြိုးစားခဲ့တယ်။ ဒါပေမယ့် ဒီအစိုးရလည်း အရင်အစိုးရလိုပါပဲ။ ခု အစိမ်းကဒ် ထုတ်ပေးနေတယ်ဆိုတာလည်း ၈၂ ဥပဒေမှာ မရှိတဲ့အတွက် ဥပဒေနဲ့ မညီပါဘူး။ သူတို့က ဒီ အစိမ်းကဒ်ကို ပေးပြီး လူမျိုး၊ ဘာသာကို မထည့်သွင်းတာဟာ ရိုဟင်ဂျာနာမည်ကို ဖျောက်ဖို့ ကြိုးစားတာပါ။ ကျနော်တို့က နိုင်ငံသားတွေဖြစ်တယ်။ ခိုးဝင် မဟုတ်ဘူး။ ပေးရင် ပန်းရောင်ကဒ်ပေးရမယ်။ အစိုးရက ဘာတစ်ခုမှ ရှင်းလင်းပြောကြားမှု မရှိဘဲ ကဒ်ပြားပေးမယ်။ ယူမလားဆိုတော့ ဒါကို ကျနော်တို့ လက်မခံပါဘူး။ ၈၂ ဥပဒေနဲ့ အညီပဲ သွားပါ" ဟု ၎င်းက ပြောသည်။

ရခိုင်ပြည်နယ်အတွင်းရှိ နိုင်ငံသား စီစစ်ဆောင်ရွက်မှု ရှေ့ပြေးစာရင်းကောက်ယူမှုများ အဖြစ် ကျောက်ဖြူ၊ မြေပုံနှင့် ပုဏ္ဏားကျွန်းမြို့နယ်များတွင် ယမန်နေ့ ဇွန် ၇ ရက်နေ့က စတင်ဆောင်ရွက်ခဲ့ပြီး လူမျိုးနှင့် ဘာသာအမည်ကို ထည့်သွင်းခြင်း မပြုခဲ့သောကြောင့် စာရင်းကောက်ယူမှု အခက်တွေ့နေရကြောင်း ပြည်နယ်လူဝင်မှုကြီးကြပ်ရေး ညွှန်ကြားရေးမှူး ဦးဝင်းလွင်က ပြောသည်။

"ကျောက်ဖြူနဲ့ မြေပုံမြို့နယ်တွေဘက်က ကောက်ယူမှုမှာ စုစုပေါင်း ၂၁၈ ဦး ရခဲ့ပါတယ်။ ပုဏ္ဏားကျွန်းမြို့နယ်က စာရင်းကောက်လို့ မရခဲ့ဘူး။ လူမျိုး၊ ဘာသာတွေ ထည့်သွင်းကောက်ခံခြင်း မရှိတာကြောင့် လက်မခံဘူး လို့ သူတို့က ပြောပါတယ်။"

ပထမနေ့ စစ်ဆေးချက်များအရ ကျောက်ဖြူမြို့နယ်မှ ကျား ၄၁ ဦး၊ မ ၅၁ ဦး နှင့် မြေပုံမြို့နယ်တွင် ကျား ၅၇ ဦး၊ မ ၆၉ ဦး တို့ကို National Verification Card (NVC) ကဒ်များ ထုတ်ပေးခဲ့သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly