တောရိုင်းတိရစ္ဆာန် ကုန်သွယ်မှုများ ထွန်းကားနေသည့် တရုတ်နယ်စပ်က မုံလမြို့အား ပိတ်ထားနိုင်ရန် စီစဉ်နေ

တောရိုင်းတိရစ္ဆာန် ကုန်သွယ်မှုများ ထွန်းကားနေသည့် တရုတ်နယ်စပ်က မုံလမြို့အား ပိတ်ထားနိုင်ရန် စီစဉ်နေ

တရုတ်၏ ဝယ်အားကြောင့် အရှေ့တောင်အာရှတွင် ဒေါ်လာဘီလီယံနှင့်ချီသော တောရိုင်းတိရစ္ဆာန် ကုန်သွယ်မှု ထွန်းကားလျက်ရှိနေရာ မြန်မာနိုင်ငံက တရုတ်နှင့် နယ်စပ်မြို့ မုံလတွင် အရောင်းအသွေးစုံ တောတိရစ္ဆာန်အစိတ်အပိုင်းများ အရောင်းအဝယ်ပြုလုပ်ခြင်းများက ပြောင်ပြောင်တင်းတင်းပင် စည်ပင်ထွန်းကားလျက်ရှိနေ၍ ယင်းမြို့ကို ပိတ်ထားနိုင်ရန် အာဏာပိုင်များက စီစဉ်လျက်ရှိကြောင်း တာဝန်ရှိသူတစ်ဦးက ပြောသည်။

ရှမ်းပြည်နယ်ရှိ သူပုန်နယ်မြေမှ ဥပဒေကင်းမဲ့သည့် နယ်စပ် မုံလမြို့သည် ဆင်စွယ်၊ ကျားဆီကဲ့သို့သော တောရိုင်းရှားပါးတိရစ္ဆာန်နှင့် ပစ္စည်းများ လွတ်လွတ်လပ်လပ်အရောင်းအဝယ်ဖြစ်နေရာ မြို့ဖြစ်ပြီး တရုတ်ဧည့်သည်များ အများဆုံး ဝင်ရောက်နေရာမြို့လည်းဖြစ်သည်။

မြန်မာ၊ ထိုင်းနှင့် လာအို သုံးနိုင်ငံဆုံရာ မူးယစ်ဆေး၊ တောရိုင်းတိရစ္ဆာန်နှင့် လူမှောင်ခိုကုန်ကူးမှုများဖြင့် ဒုစရိုက်နယ်မြေဖြစ်သော ရွှေတြိဂံဒေသအတွင်း ပါဝင်နေသော မြို့တစ်မြို့လည်းဖြစ်သည်။

"ဒီမုံလမြို့က ဈေးကွက်ကို ပိတ်ပစ်နိုင်ဖို့ စီစဉ်နေပါပြီ။ ဒါပေမယ့် ဒေသခံတွေ၊ ဒေသရဲတွေ မပါဘဲ အောင်မြင်ဖို့က မလွယ်ဘူး။"ဟု ပတ်ဝန်းကျင်ထိန်းသိမ်းရေးနှင့် သစ်တောရေးရာဝန်ကြီးဌာန ညွန်ကြားရေးမှူး ဦးကျော်ဆန်းနိုင်က အေအက်ဖ်ပီသို့ ပြောသည်။

ဝန်ကြီးဌာနအနေဖြင့် မြန်မာ့တောရိုင်းတိရစ္ဆာန်များနှင့် သဘာဝအရင်းအမြစ်များ ကာကွယ်တားဆီးရေးတန်ဖိုးကို ပြည်သူများအား ပညာပေးသွားနိုင်ရေး စီစဉ်ဆောင်ရွက်လျက်လည်းရှိသည်။

"စိုးရိမ်စရာအခြေအနေက ဒေသခံတို့ရဲ့ သက်မွေးရပ်တည်မှုပါပဲ။ ဒါကြောင့် ဒီမြို့ကို ပိတ်ပစ်ဖို့က အဆောတလျင်လည်း မတတ်နိုင်ဘူးဖြစ်နေတယ်။ ဒါပေမယ့် အစွယ်နှစ်ချောင်းရဖို့ ဆင်တစ်ကောင်လုံး သတ်ခံရတယ်ဆိုတာကလည်း မှန်ကန်တဲ့ လမ်းမှ မဟုတ်ဘဲ။"ဟု ၎င်းက ဖြည့်စွက်ပြောသည်။

အရှေ့တောင်အာရှသည် ဇီဝမျိုးစိတ်များ ထွန်းကားရာ ဒေသဖြစ်သော်လည်း အားနည်းသည့် အုပ်ချုပ်ရေး၊ အမြစ်တွယ်နေသည့် အကျင့်ပျက်ခြစားမှုနှင့် နယ်စပ်စည်းလျော့ရဲမှုများကြောင့် တရားမဝင်တောရိုင်းတိရစ္ဆာန်ကုန်သွယ်မှုများ ထွန်းကားနေသည်။

တိရစ္ဆာန်ထုတ်ကုန်များက အရောင်အသွေးစုံ ရှားပါးတိရစ္ဆာန် မွေးမြူခြင်း၊ တိုင်းရင်းဆေးဖော်စပ်ခြင်းနှင့် တန်ဖိုးကြီး ဖက်ရှင်ထွက်ကုန်များအတွက် တရုတ်၏ အဓိက ဝယ်လိုအား ကြီးထွားခြင်းကြောင့်ဖြစ်သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly