ဇွန် ၁၁၊ ဘရာဇီး ။ ။ ဘာစီလိုနာတိုက်စစ်မှူး နေမာ၏ အေးဂျင့်ဖြစ်သူ ရီဘီရီယိုက ပီအက်စ်ဂျီအသင်းအနေဖြင့် နေမာအားခေါ်ယူလိုလျှင် ဆွေးနွေးရန် အသင့်ရှိကြောင်း ပြောဆိုလိုက်သည်။
ပီအက်စ်ဂျီအသင်းသည် အသင်းမှ ထွက်ခွာသွားသည့် အီဗရာဟီမိုဗစ်၏နေရာကို အစားထိုးရန် နေမာနှင့် စီရော်နယ်ဒိုတို့ကို ခေါ်ယူလိုလျက်ရှိသည်။ ပီအက်စ်ဂျီအသင်းက နေမာ၏စာချုပ်ပါ လျော်ကြေးငွေကိုသာ ပေးချေနိုင်ပါက ခေါ်ယူနိုင်ဖွယ်ရှိနေသည်။
ထို့ကြောင့် ရီဘီရီယိုက ‘ပီအက်စ်ဂျီအသင်းက နေမာကို စိတ်ဝင်စားတယ်ဆိုရင် ကျွန်တော်တို့ ဆွေးနွေးလို့ ရပါတယ်။ ဘာစီလိုနာနဲ့ စာချုပ်က အတားအဆီးဖြစ်နေပေမယ့် လျော်ကြေးငွေကိုသာ ပေးနိုင်ရင် ဖြစ်နိုင်ပါတယ်။ လျော်ကြေးက ပေါင် ၁၅၃ သန်းပေးရမှာဖြစ်လို့ များပေမယ့် ဒါက ပီအက်စ်ဂျီအသင်းအတွက် အခက်အခဲ မဟုတ်လောက်ဘူးလို့ ထင်ပါတယ်’ ဟု ပြောဆိုခဲ့သည်။
ထို့အပြင် ရီဘီရီယိုက လက်ရှိတွင် နေမာသည် ဘာစီလိုနာတွင် အဆင်ပြေပြီး ပျော်ရွှင်နေသည်မှာ မှန်သော်လည်း ပဲရစ်လိုမြို့ကြီးတွင် နေထိုင်ပြီး ပီအက်စ်ဂျီလိုအသင်းအတွက် ကစားပေးရမည်ဆိုပါက ယင်းမှာ ကစားသမားတိုင်း၏ အိပ်မက်ဖြစ်ကြောင်း ပြောဆိုခဲ့သည်။
ရည်ညွှန်း သည်ဆန်း