အလယ်တန်းအဆင့် အစိုးရပြဌာန်းစာအုပ်များကို ပြန်လည်သုံးသပ်မည်

အလယ်တန်းအဆင့် အစိုးရပြဌာန်းစာအုပ်များကို ပြန်လည်သုံးသပ်မည်
(ဓာတ်ပုံ-မဇ္ဈိမ)

ရန်ကုန်၊ ဇွန် ၇ ။               ။ အလယ်တန်းအဆင့် အစိုးရ ပြဌာန်းစာအုပ်များတွင် လူအချင်းချင်း အသားအရောင် ခွဲခြားမှု၊ ကျားမခွဲခြားမှုနှင့် တိုင်းရင်းသားများအတွက် နားလည်ရခက်ခဲသည့် စာသားများ ပါဝင်မှုရှိမရှိကို သုံးသပ်သွားမည်ဟု NNER အဖွဲ့ဝင်တစ်ဦးက ပြောသည်။

ပညာရေးစနစ် ပြုပြင်ပြောင်းလဲရေး နိုင်ငံလုံးဆိုင်ရာကွန်ယက် (NNER) အဖွဲ့ဝင် သမိုင်းကထိက ဦးသန်းထိုက်အောင်က “ကျွန်တော်တို့က သင်ရိုးတွေကို ပြန်ပြီး အဓိက သုတေသနလုပ်မယ်။ ရှာဖွေတွေ့ရှိတဲ့ အထဲက ပြောင်းလဲရမှာတွေကို ပြောင်းလဲဖို့ တွန်းအားပေးမယ်။ အဲ့တာတွေကို တွေ့ရှိထားတယ်။ တွေ့ရှိတာတွေကို ပြင်ကြပါဆိုပြီး တွန်းအားပေးမယ်။ အကြမ်းထည်အပြီးသတ်မယ်။ လုပ်နိုင်သလောက်လုပ်လုပ်သွားမှာပါ”ဟုပြောသည်။

ခွဲခြားဆက်ဆံသည့် စာလုံးအသုံးအနှုန်းများ သင်ရိုးညွန်းတမ်းတွင်ပါဝင်ပါက မငြိမ်းချမ်းမှုများကို ဖြစ်ပေါ်လာနိုင်စေသည်ဟုလည်း ၎င်းကဆိုသည်။

အစိုးရ ပြဌာန်းစာအုပ် သင်ရိုးညွန်းတမ်းများအား သုံးသပ်မည်ဖြစ်ပြီး သမိုင်း၊ ပထဝီနှင့် မြန်မာဘာသာရပ်များကို အဓိကထား ပြုလုပ်မည်ဟု ဆိုသည်။

သုတေသန စာတမ်းအကြမ်းကို  မကွေးတွင်ကျင်းပပြုလုပ်မည့် NNER ၆လပတ် အစည်းအဝေးမတိုင်မီ အချောသတ်သွားမည်ဟု သိရသည်။

NNER အဖွဲ့ဝင် မသူသူမာကလည်း “ အခု အလယ်တန်းအဆင့် အစိုးရပြဌာန်းစာအုပ် သင်ရိုးညွန်းတန်းတွေကို ပြန်ပြီးတော့ သုံးသပ်တာက တောင်ကြီးမှ ကျင်းပပြုလုပ်ပြီးဖြစ်တဲ့ အစည်းအဝေးကနေ ဆုံးဖြတ်လိုက်တဲ့ ဆုံးဖြတ်ချက်တွေထဲက တစ်ခုပါ။ ”ဟုပြောသည်။

လေ့လာသုံးသပ်ချက်ကို တိုင်းနှင့်ပြည်နယ် ၁၄ ခုရှိ NNER ကွန်ယက်အဖွဲ့ဝင်များ နှင့် ပညာရှင်များ စုစုပေါင်း၍ ပြုလုပ်နေခြင်းဖြစ်သည်။

NNERသည် နိုင်ငံလုံးဆိုင်ရာ စုံညီအစည်းအဝေးကို တောင်ကြီးမြို့တွင် ဧပြီလက ကျင်းပပြုလုပ်ခဲ့ပြီး ဧပြီလ ၂၃ ရက်က ကြေညာချက် ထုတ်ပြန်ခဲ့သည်။ ထုတ်ပြန်ကြေညာချက်တွင် NNER သည် တိုင်းရင်းသားပြည်သူတစ်ရပ်လုံး လိုလားတောင့်တနေသော ပညာရေးမူဝါဒများ၊ နိုင်ငံတကာစံနှုန်းများနှင့် ကိုက်ညီသော ရေရှည်တည်တံ့ဖွံ့ဖြိုးမှုကို ဦးတည်သည့် ပညာရေးမူဝါဒများအား လွှတ်တော် နှင့် အစိုးရအား ဆက်လက် တိုက်တွန်း နှိုးဆော်သွားမည် ဖြစ်သည်ဟု ဖော်ပြပါရှိသည်။

မြန်မာနိုင်ငံ ပညာရေး ပြုပြင်ပြောင်းလဲမှုများ ပြုလုပ်ရန်အတွက် ပထမအကြိမ် ပညာရေး ပြုပြင်ပြောင်း လဲမှုဆိုင်ရာ ဆွေးနွေးပွဲကို ပြီးခဲ့သော ၂၀၁၂ခုနှစ် အောက်တိုဘာ ၆၊ ၇ ရက်များက ရန်ကုန်၊ အင်းစိန်မြို့နယ်ရှိ ခရစ်ယာန်ကျမ်းစာသင်ကျောင်းတွင် တစ်နိုင်ငံလုံးရှိ နိုင်ငံရေးပါတီအသီးသီးနှင့် ပညာရေး၊ ဘာသာရေး ဘုန်းတော်ကြီးသင်ကျောင်းများ အပါအဝင် ကိုယ်ပိုင်ပုဂ္ဂလိက   ကျောင်းဆရာ နှင့် တက္ကသိုလ်ဆရာများ စသည့်အဖွဲ့ ၁၄ ဖွဲ့တို့ ပါဝင်ပြုလုပ်ခဲ့သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly

Tags