လက်စတာတိုက်စစ်မှူး ဗာဒီကို အာဆင်နယ်အသင်း ခေါ်ယူရန် ကြိုးပမ်း

လက်စတာတိုက်စစ်မှူး ဗာဒီကို အာဆင်နယ်အသင်း ခေါ်ယူရန် ကြိုးပမ်း

ဇွန် ၄၊ လန်ဒန် ။                  ။ အာဆင်နယ်အသင်းသည် လက်စတာတိုက်စစ်မှူး ဂျေမီဗာဒီကို ၎င်း၏စာချုပ်ပါ လျော်ကြေးငွေ ပေါင်သန်း ၂၀ ပေးချေ၍ ခေါ်ယူရန် ကြိုးပမ်းလျက်ရှိနေကြောင်း ဗြိတိန်သတင်းစာများက ဖော်ပြလျက်ရှိသည်။

ပရီးမီးယားလိဂ်ချန်ပီယံလက်စတာအသင်းသည် ပြီးခဲ့သည့်ရာသီက ၂၄ ဂိုးအထိသွင်းပြီး ခြေစွမ်းပြခဲ့သည့် ဗာဒီကို ဆက်လက်ထိန်းသိမ်းထားလိုသော်လည်း အာဆင်နယ်မှာ ချန်ပီယံလိဂ်ဝင်ခွင့်ရထားသည့်အသင်းဖြစ်သောကြောင့် ကစားသမားနှင့်သာ သဘောတူညီမှု ရသွားပါက တားဆီးနိုင်မည် မဟုတ်ပေ။

ထို့အပြင် အာဆင်နယ်အသင်းသည် လက်ရှိဗာဒီ၏လစာငွေဖြစ်သော တစ်ပတ်လုပ်ခလစာငွေ ပေါင် ရှစ်သောင်းကိုလည်း တိုးမြှင့်ပေးရန် အသင့်ရှိနေသည်။

အာဆင်နယ်နည်းပြ အာစင်ဝင်းဂါးမှာ အင်္ဂလန်က ပေါ်တူဂီကို ၁-၀ ဂိုးဖြင့် အနိုင်ရသည့်ပွဲတွင် လာရောက်ကြည့်ရှုခဲ့ပြီး ထိုပွဲတွင် ဗာဒီမှာ ပွဲထွက်ကစားသမားအဖြစ် ကစားခွင့်ရခဲ့သည်။

အင်္ဂလန်အသင်းနည်းပြ ရွိုင်းဟော့ဒ်ဆန်မှာ ယူရိုပြိုင်ပွဲအတွင်း၌ ကစားသမား၏ အပြောင်းအရွှေ့ကိစ္စရပ်များဆွေးနွေးခြင်း ဆေးစစ်ခြင်းများ ပြလုပ်ခြင်းကို အလိုမရှိသောကြောင့် အာဆင်နယ်အသင်းမှာ ယခုတစ်ပတ်အတွင်း အပြီးသတ်နိုင်ရန် ကြိုးပမ်းလျက်ရှိသည်။

ရည်ညွှန်း ဒေးလီးမေးလ်

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly